တောင်တရုတ်ပင်လယ်ရှိ ငါးမျိုးစိတ်အချို့ မျိုးတုံးလုနီးဟု ကျွမ်းကျင်သူများပြော

တောင်တရုတ်ပင်လယ်ရှိ ငါးမျိုးစိတ်အချို့ မျိုးတုံးလုနီးဟု ကျွမ်းကျင်သူများပြော

ဟောင်ကောင်၊ နိုဝင်ဘာ ၄ ။              ။ ပင်လယ်စာနှစ်သက်မှု ကြီးထွားလာမှုနှင့်အတူ အလွန်အကျွံဖမ်းဆီးမှုများကြောင့် တောင်တရုတ်ပင်လယ်ရှိငါးမျိုးစိတ်အချို့မှာ မျိုးတုံးရန်နီးကပ်လာနေသည်ဟု ကျွမ်းကျင်သူများက နိုဝင်ဘာ ၃ တွင်ပြောသည်။

တောင်တရုတ်ပင်လယ်တွင် ပိုင်နက်အငြင်းပွားမှုဖြစ်နေသော နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းကလည်း ငါးမျိုးစိတ်များ လျော့ကျမှုကို တွန်းအားပေးလျက်ရှိသည်ဟု ၎င်းတို့က   ပြောသည်။ လေ့လာမှုအရ ငါးမျိုးစိတ်အချို့၏ပမာဏမှာ ၁၉၅၀ပြည့်လွန်နှစ်များက ရှိသည့်ပမာဏထက် ငါးရာခိုင်နှုန်းသာ ရှိတော့သည်ဟု ဆိုသည်။

အုပ်စုလိုက်သန္တာကောင်နှင့် Napoleon Wrasse တို့ကဲ့သို့ မျိုးစိတ်အချို့မှာ လွန်ခဲ့သည့်ရှစ်နှစ်အတွင်းမှာပင် ၈၀ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်ဆိုသည်။

"တောင်တရုတ်ပင်လယ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ခြိမ်းခြောက်ခံနေရပါပြီ။ ကျွန်တော်တို့ တစ်ခုခုလုပ်ဖို့ လိုပါတယ်"ဟု ဗြိတိသျှကိုလမ်ဘီယာတက္ကသိုလ်၏ ငါးလုပ်ငန်းဆိုင်ရာစီးပွားရေးပညာဋ္ဌာန ဒါရိုက်တာ ရာရှစ်ဆူမေလာက ပြောသည်။

"ထိတ်လန့်စရာအကောင်းဆုံးက လွန်ခဲ့တဲ့နှစ်တွေအတွင်းတင် ပမာဏက လျော့ကျသွားတယ်။ အချို့မျိုးစိတ်တွေက မျိုးတုံးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ"ဟု လေ့လာမှုကိုဦးဆောင်ခဲ့သည့် ဆူမေလာက ဟောင်ကောင်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

နိုင်ငံရေးအငြင်းပွားမှုများကြောင့်လည်း ငါးများလျော့နည်းရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ပိုင်နက်အငြင်းပွားနိုင်ငံများက သူ့ထက်ငါဦးအောင် ငါးဖမ်းနိုင်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly