လစာလျော့မယူချင်လို့ ဝေဖန်ခံနေရပေမယ့် လူတိုင်းအားကျရတဲ့ အိုဇေးလ်ရဲ့နေထိုင်မှုပုံစံ

လစာလျော့မယူချင်လို့ ဝေဖန်ခံနေရပေမယ့် လူတိုင်းအားကျရတဲ့ အိုဇေးလ်ရဲ့နေထိုင်မှုပုံစံ
Photo: EPA

အာဆင်နယ်အသင်းအတွက် လစာငွေ ၁၂.၅  ရာခိုင်နှုန်းလျော့ယူပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ အိုဇေးလ်ဟာ မီလီယံနာဘောလုံးသမားဖြစ်ပြီး အထက်တန်းကျကျ နေထိုင်တဲ့သူလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အိုဇေးလ်ဟာ ပိုက်ဆံကို နှမျောတတ်တဲ့သူမဟုတ်ပဲ အိမ်အကောင်းစား၊ ကားအကောင်းစားတွေအတွက် အသုံးပြုခဲ့ပေမယ့် သူ့ရဲ့အသင်းအတွက်တော့ ပိုက်ဆံနဲ့ပတ်သက်ပြီး ကူညီမပေးဖို့ ဆုံးဖြတ်ခဲ့တဲ့သူပါ။

သူက မြောက်လန်ဒန်မှာ ပေါင် ၁၀ သန်းတန် စံအိမ်ကြီးတစ်လုံး ဝယ်ယူထားခဲ့ပြီး သူ့ရဲ့ခမ်းနားတဲ့ စံအိမ်ကြီးအကြောင်းကို အင်္ဂလိပ်မီဒီယာတွေက ဖော်ပြနေကြတာပါ။

လက်ရှိမှာ အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကွင်းလယ်လူ အိုဇေးလ် ဟာ ၂၀၁၃ ခုနှစ်မှာ ရီးယဲလ်ကနေ အာဆင်နယ်အသင်းဆီ ပေါင် (၄၂.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာမှ လန်ဒန်မြောက်ပိုင်းမှာ သူ နေထိုင်ဖို့ နေအိမ်တစ်လုံး ဝယ်နိုင်ခဲ့တာပါ။

တူရကီနွယ်ဖွားဖြစ်တဲ့ အိုဇေးလ်က သူ့ရဲ့နေအိမ်ကို တူရကီဆန်တဲ့ အပြင်အဆင်တွေနဲ့ ဖန်တီးထားပြီး တူရကီလက်ရာ ပန်းချီကားတွေကို သူ့ရဲ့နေအိမ်ထဲမှာ တွေ့ရမှာပါ။

အိပ်ခန်း (၆)ခန်းပါဝင်တဲ့ အိုဇေးလ်ရဲ့ နေအိမ်ထဲမှာ ဂိမ်းကစားတဲ့ သီးသန့်အခန်း၊ ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ ရေနွေးစိမ်ကန်၊ ရေကူးကန်တို့ပါဝင်ပြီး အိုဇေးလ်ဟာ အားလပ်ချိန်တွေဆိုရင် နေအိမ်ရဲ့ ဧည့်ခန်းမှာ သူ့ရဲ့ခွေးလေးနဲ့ ကစားနေရတာကို သဘောကျတတ်သူပါ။

အိုဇေးလ်ဟာ သူ့ရဲ့အသင်းဖော်တွေနဲ့ သူငယ်ချင်းတွေကို နေအိမ်ဆီ မကြာခဏ အလည်ခေါ်တတ်ပြီး ရက်ပေါင်းများစွာ အတူ ရှိနေတတ်ကြပါတယ်။ အိုဇေးလ်ရဲ့ ဇနီးသည်ဖြစ်တဲ့ မော်ဒယ် ဂူလ်ဆီကလည်း အိုဇေးလ်နဲ့အတူ နေထိုင်ပြီး သူ့ရဲ့နေအိမ်ရှေ့က ခြံဝန်းထဲမှာ မကြာခဏ ဓာတ်ပုံတွေ ရိုက်တတ်တာကို ဆိုရှယ်မီဒီယာပေါ်မှာ တွေ့နေရပါတယ်။

အိုဇေးလ်က FIFA ဘောလုံးဂိမ်းကို စွဲစွဲမြဲမြဲ ကစားသူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဂိမ်းကစားတဲ့အခန်းဟာ ကြည့်လိုက်တာနဲ့ အားကျသွားရမှာပါပဲ။

အိုဇေးလ်ရဲ့ ကားဂိုထောင်ထဲမှာတော့ S65 AMG နဲ့ G63 AMG အမျိုးအစား မာစီဒီးစ်နှစ်စီးရှိပြီး အိုဇေးလ်ဟာ G63 AMG နဲ့ အမြဲလိုလို အပြင်သွားလေ့ရှိသူပါ။ သူက အဲဒီကားကို အကြိုက်ဆုံးဖြစ်ပြီး ပေါင်(၂၀၀,၀၀၀)တန် ဖာရာရီ ကား ရှိတာတောင် G63 ကိုပဲ အမြဲစီးလေ့ရှိပါတယ်။ ဒါ့အပြင် အော်ဒီ RS5 နဲ့ Q7 အမျိုးအစား (၂)စီးလည်း ရှိပြီး သူ့ရဲ့ကားပိုင်ဆိုင်မှု စုစုပေါင်းတန်ဖိုးက ပေါင်(၈)သိန်း ဖိုးလောက်ရှိပါတယ်။

ဒါ့အပြင် သူက Adidas ဖိနပ်တွေကို စုဆောင်းရတာ သဘောကျသူဖြစ်ပြီး အဲဒီ ဖိနပ်တွေနဲ့ အဝတ်အစားတွေထားဖို့ သီးသန့်အခန်းတစ်ခန်း ထားရှိပါသေးတယ်။

အမြဲတမ်း တန်ဖိုးကြီးပစ္စည်းတွေ၊ ကားအကောင်းစားတွေ၊ အကောင်းစားနေအိမ်တွေ ပိုင်ဆိုင်ထားတဲ့ အိုဇေးလ်ဟာ အသင်းအတွက် တစ်ပတ် ပေါင် (၃၀,၀၀၀)လောက်တောင် လျော့မယူနိုင်ဘူးလားလို့ မီဒီယာတွေက မေးခွန်းထုတ်နေကြပြီး ပရိသတ်ရဲ့အချစ်တော် ကစားသမားဖြစ်ခဲ့တဲ့ အိုဇေးလ်ဟာ အခုဆိုရင် ဝေဖန်မှုတွေကြားထဲ ရောက်နေခဲ့ရပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly