လူ့မစင်မှ ထုတ်လုပ်သည့် ဓါတ်ငွေ့က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကစွမ်းအင် အရင်းအမြစ်ဖြစ်လာနိုင်

လူ့မစင်မှ ထုတ်လုပ်သည့် ဓါတ်ငွေ့က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကစွမ်းအင် အရင်းအမြစ်ဖြစ်လာနိုင်

ဝါရှင်တန်၊ နိုဝင်ဘာ ၄ ။        ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိလ္လာရေဆိုးသန့်ရှင်းရေးအခြေအနေများ တိုးတက်အောင်ပြုလုပ်နေစဉ် လူ့မစင်မှ ထုတ်လုပ်သော ဓါတ်ငွေ့က အဓိကစွမ်းအင် အရင်းအမြစ် တစ်ခု ဖြစ်လာနိုင်ပြီး အိမ်သန်းပေါင်းများစွာအတွက် လျပ်စစ်ဓါတ်အား ပေးပို့နိုင်ကြောင်း ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်က ဖော်ပြသည်။

ကမ္ဘာတစ်ဝန်းလူ တစ်ဘီလျံနီးပါးမှာ တက်စရာအိမ်သာများမရှိဘဲ ၎င်းတို့အနက် ၆၀ရာခိုင်နှုန်းမှာ အိန္ဒိယတွင်ရှိသည်။ ၎င်းတို့မှာ ပြင်ပတွင်သာ ဖြစ်သလို ကိစ္စဖြေရှင်းနေသည်။ လူ့မစင်များအား ဘက်တီးရီးယားများက ဓါတ်ပြိုကွဲအောင်ပြုလုပ်စေခြင်းဖြင့် မီသိန်းဓါတ်ငွေ့ ၆၀ရာခိုင်နှုန်းခန့်ရှိသော ဇီဝဓါတ်ငွေ့(Biogas) ကို ထုတ်လုပ်နိုင်သည်။

ယင်းသို့ထုတ်လုပ်ခြင်းဖြင့် ပြန်လည်ပြည့်ပြည့်ဖြိုးမြဲမဟုတ်သည့် သဘာဝဓါတ်ငွေ့အဖြစ် ဒေါ်လာ ၉ဒသမ၅ဘီလျံဘိုးနှင့် ညီသောပမာဏကို ထုတ်ယူနိုင်သည်ဟု ရေ၊ သဘောဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာကုလအင်စတီကျုက နိုဝင်ဘာ ၃ တွင်ပြောကြားသည်။

ကမ္ဘာတစ်ဝန်း ပြုပြင်ထားသော အညစ်အကြေးမှ တစ်နှစ်လျင် လောင်စာတန်ချိန် နှစ်သန်းခန့် ထုတ်လုပ်နိုင်သည့်အတွက် ကျောက်မီးသွေးအသုံးပြုမှုနှင့် သစ်ပင်များခုတ်လှဲရမှုကို လျှော့ချနိုင်သည့်အပြင် ကမ္ဘာလုံးဆိုင်ရာပူနွေးမှုအား လျှော့ချရာတွင်လည်း အထောက်အကူဖြစ်စေနိုင်မည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ပြင်ပတွင်စွန့်သည့်မစင်များကို စုစည်းလိုက်ပါက တစ်နှစ်လျင် ဒေါ်လာသန်း ၂၀၀ကျော်တန်သော ဇီဝဓါတ်ငွေ့ကို ထုတ်ယူနိုင်ပြီး နောက်ဆုံးတွင် ဒေါ်လာ ၃၇၆ သန်းဘိုးအထိ ထုတ်ယူနိုင်မည်ဟု သုတေသီတို့က ဆိုသည်။ ၎င်းပမာဏက ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အိမ်ပေါင်း ၁၈ သန်းကို စွမ်းအင်လုံလုံလောက်လောက်ပေးနိုင်မည်ဟု အစီရင်ခံစာက ဖော်ပြသည်။

အိမ်သာများကို များပြားသည့်လှသည့် ဧရိယာများသို့ ထားပေးလိုက်ပါက ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သန့်ရှင်းရေးနှင့် ပြည်သူ့ကျန်းမာရေးကို တိုးတက်စေမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရောဂါဖြစ်ပွား ရခြင်း၏ ၁၀ ရာခိုင်နှုန်းမှာ ရေဆိုးစံနစ်ညံ့ဖျင်းခြင်းကြောင့် ဖြစ်သည်ဟု သုတေသီများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly