အာရှ-ပစိဖိတ် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်မထုတ်ပြန်

အာရှ-ပစိဖိတ် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်မထုတ်ပြန်

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၄။                   ။ အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ပေကျင်း၏ ကျွန်းဆောက်လုပ်မှုများအား ရည်ညွှန်းပြောဆိုမှုမပြုလုပ်ရန် တရုတ်ကိုယ်စားလှယ်အဖွဲ့ စည်းရုံးခဲ့သည့်နောက် အာရှ-ပစိဖိတ် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတစ်ခုက ပူးတွဲကြေညာချက်ပြုလုပ်မည့် အစီအစဉ်များကို ဖျက်သိမ်းလိုက်သည်ဟု အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၄ တွင်ပြောကြားခဲ့သည်။

"ကျွန်တော်တို့ နားလည်ထားတာကတော့ ပူးတွဲကြေညာချက် ထုတ်ပြန်မှာမဟုတ်ပါဘူး"ဟု အမည်မဖော်သော ၎င်းအရာရှိက ပြောသည်။ အာဆီယံ ၁၀နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများနှင့် ယင်း၏ ဒေသတွင်း မိတ်ဖက်များသည် ကွာလာလမ်ပူတွင် နှစ်ပတ်လည်စည်းဝေးပွဲများ ပြုလုပ်လျက်ရှိသည်။

ဝါရှင်တန်နှင့် ပေကျင်းပါဝင်သော ယင်းအစည်းအဝေးမှာ အငြင်းပွားပင်လယ်တွင် တရုတ်၏ လူလုပ်ကျွန်းများ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ထိပ်တိုက်တွေ့နေချိန်နှင့် တိုက်ဆိုင်နေသည်။ လွန်ခဲ့သည့်သီတင်းပတ်က အငြင်းပွားဧရိယာသို့ အမေရိကန်ရေတပ်သင်္ဘောတစ်စင်းရှိနေခဲ့သည်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး ၎င်းတို့၏ အချုပ်အခြာအာဏာပိုင်နယ်မြေဖြစ်သည်ဟု တရုတ်က ပြောသည်။ ထို့အပြင် ၎င်းတို့၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ပြင်ပမှ စွက်ဖက်မှုကို ပယ်ချထားသည်။

"နားလည်နိုင်တာကတော့ ဒီလိုရည်ညွှန်းပြောဆိုတာ မသင့်လျော်ဘူးလို့အာဆီယံနိုင်ငံအများက ယူဆကြပါတယ်"ဟု အမည်မဖော်သော ယင်းအရာရှိကပြောသည်။ "ဒါဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်က ပိုင်နက်မြေယာဖော်ယူမှုနဲ့ စစ်ရေးအသုံးပြုအောင်ပြုလုပ်နေခြင်းနဲ့ ပတ်သက်လို့ သဘောကွဲလွဲမှုတွေရှိနေတယ်ဆိုတာ ရောင်ပြန်ဟပ်နေပါတယ်"ဟု၎င်းကဆိုသည်။

အာဆီယံက လက်ခံကျင်းပသော နှစ်ပတ်လည်အစည်းအဝေးသို့ အာဆီယံကာကွယ်ရေးဝန်ကြီးများအပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာ၊ တရုတ်ကာကွယ်   ရေးဝန်ကြီးချန်ဝန်ကွမ်တို့ တက်ရောက်သည်။ထို့အပြင် ရုရှား၊ သြစတြေးလျကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်သည်။

တောင်တရုတ်ပင်လယ်ပြသနာမှာ အာဆီယံအစည်းအဝေးများတွင် သဘောတူညီချက်ရရန် တားဆီးနေသောအရာဖြစ်နေသည်။ တရုတ်နှင့် ၎င်း၏ အာဆီယံအဖွဲ့တွင်းမှ မဟာမိတ်များက ပေကျင်းအားတိုက်ရိုက်ဝေဖန်ခြင်းကို ယခင်က တားဆီးခဲ့ကြသည်။

သို့သော်လည်း တရုတ်၏ ဒေသတွင်းဆိုင်ရာ ရည်ရွယ်ချက်များအပေါ် စိုးရိမ်မှုများကြီးထွားလာစဉ် အဖွဲ့က ကျေနပ်မှုမရှိကြောင်း အာဆီယံ၏ကြေညာချက်များတွင် ပိုမိုရှင်းလာသည်။

Ref ; AFP/rw

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly