ကိုဗစ်အခက် စီးပွားရေးအကျပ်နှင့် E- Money အချက်

By အိခင်ခင်
21 April 2020
ကိုဗစ်အခက် စီးပွားရေးအကျပ်နှင့် E- Money အချက်

ဧပြီ ၂၁

ကျွန်မ က နည်းပညာပိုင်းမှာ ရော ငွေကြေးနှင့် ၊ ဘဏ္ဍာရေးပိုင်း  မှာပါ ကျွမ်းကျင်သူမဟုတ်ပါ။ ပြည်သူ့ရေးရာမူဝါဒ များ နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုများကို စိတ်ပါဝင်စားစွာလေ့လာထားသူတစ်ယောက် သာလျင် ဖြစ်ပြီး ယခု အကြောင်းအရာများကို သုံးစွဲသူရဲ့ရှု့ထောင့်ကနေ တွေးတော ရေးသားထားခြင်းဖြစ်ပါသည်။

ကျွန်မတို့နေထိုင်တဲ့ ရန်ကုန်မြို့ဟာ စိတ်ချလက်ချသောက်သုံးလို့ရတဲ့ မြို့ပြ ရေပေးဝေရေးစနစ် မရှိတာကြောင့် သောက်သုံးရေကို ကြိုချက် သောက်တဲ့ အကျင့်ထက် လွယ်လွယ်ကူကူရတဲ့ ရေသန့်ဗူးတွေကို မှာ သောက်ကြတဲ့ ဓလေ့ ဖြစ်နေခဲ့ပါတယ်။

တစ်နေ့က အိမ်မှာ သောက်ရေကုန်လို့ ရေသန့်မှာတော့ ရေသန့်ပို့တဲ့ကလေးကို အကြွေပေးစရာမရှိလို့ ငါးထောင်တန်ပေးရတယ်။  အခုလို ကူးစက်ရောဂါ အခြေအနေတွ ပြင်းထန်နေတဲ့အချိန်မှာ ရောဂါပိုးဟာ စက္ကူပေါ်မှာ အချိန်အတန်ကြာ အသက်ရှင်နေနိုင်တယ်လို့ ပြောတာကြောင့် ပြန်အမ်းတဲ့ပိုက်ဆံမှာ ရောဂါပိုးတွေ ပါလာပြီးကူးမှာစိုးတဲ့စိတ်ပေါ်လာမိတယ်။

ကျွန်မတို့နိုင်ငံမှာ M1 လို့ခေါ်တဲ့ ငွေကြေးကို ရိုက်နှိပ်သုံးစွဲတဲ့စနစ် (Printed Money) ကို သုံးခဲ့ကြဆဲ၊ သုံးနေကြဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ တော့ တိုးတက်လာစ ပြုတဲ့ ဘဏ်စနစ်ကြောင့် MPU, VISA စတဲ့ Card နဲ့အသုံးပြုတဲ့ စနစ်ကို ကြိုးစားအကောင်အထည်ဖော်နေကြပေမယ့် သေသေခြာခြာ အောင်မြင်လာတယ်လို့ ပြောလို့မရသေးပါဘူး။ ဘာလို့ လဲ ဆိုတော့ ရန်ကုန်လိုမြို့ပေါ်မှာတောင် ၁၀၀ ရာခိုင်နှုန်းသော စားသောက်ဆိုင်တွေ နဲ့ ဈေးဝယ်စင်တာတွေဟာ Card နဲ့ ပေးချေရင် အဆင်မပြေတာ နဲ့ လက်ခံလို့ မရတာ နဲ့ ပြသနာတွေ ရှိနေဆဲမို့ပါ။

ဒါ့အပြင် mobile payment  တွေ အပါအဝင် Pay မျိုးစုံကို  ကို ကြိုးစားထိုးဖောက်လာတာကို မြင်ရပေမယ့်လည်း ငွေလွှဲတဲ့ကိစ္စကို အဓိကထားသုံးနေသလို အမျိုးအစားတွေ များလွန်းပြီး ဘယ်ဟာကို သုံးရမလဲ မသိ ၊ သုံးတဲ့စနစ်က လည်း သေသေချာချာ အလုပ်မလုပ်တာကြောင့် ငွေစက္ကူကိုသာ ကိုင်သုံးတဲ့အဆင့် ကို ပြန်ရောက်ကြရပါတယ်။

အတိတ်သမိုင်းကြောင်းအစုံစုံကြောင့် အရေးအကြောင်းဆို လက်ထဲငွေရှိမှ စိတ်ချရတာဆိုတဲ့ လူကြီးမိဘများရဲ့ ဘဏ်ကိုယုံကြည်မှု အားနည်းတာ၊ နှစ်ပေါင်းများစွာ လှုပ်ရှားမှု သိပ်မရှိတဲ့ စီးပွားရေးစနစ် တို့ဟာလည်း ငွေကြေးလည်ပတ်စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပြီးတော့ ငွေသားကိုင်တွယ်သုံးစွဲမှုကို အားပေးမြဲဖြစ်ပါတယ်။  တကယ်တော့ ကောလာဟလ ကိစ္စတစ်ခုခုရှိလေတိုင်း ငွေအပ်တဲ့သူတွေက ငွေတွေစွတ်ထုတ်ကြရင် ဘဏ်တွေ အကျပ်အတည်း နှင့်တွေ့နိုင်တယ်ဆိုတာ ငွေကြေးနှင့် ဘဏ်စနစ်အကြောင်းကို အနည်းအကျဉ်းနားလည်သူများတောင် သတိထားမိပြီးဖြစ်မှာပါ။

အစကိုပြန်ကောက်ရရင် ငွေစက္ကူနှင့် ကဒ်များဟာ ကျန်းမာရေးအရ ကြည့်ရင်ရောဂါကူးနိုင်ခြေ ရှိလာတယ်။ အခုလိုခြေအနေမျိုးမှာ အရေးအကြောင်းဆိုရင် ATM  က ငွေထုတ်လို့ ရမှာ မ ဟုတ်ဘူး၊ ထုတ်ထားမှ ဆိုပြီး ငွေသားများများစားစားကို ဘဏ်က ထုတ်ပြီး လက်ဝယ်ထားကြတဲ့သူတွေ လည်း အနည်းနှင့်အများရှိနေမှာပါ။

အဲဒါတွေကို ကာကွယ်နိုင်ဖို့ တစ်နည်းတော့ ရှိပါတယ်၊ အဲဒါကတော့ Cash တွေ Card တွေ မလိုတော့တဲ့ Electronic Money System   ( Mobile digital Wallets နဲ့  contactless payment အားလုံး) နည်းပညာအရ ငွေကြေးသုံးစွဲခြင်းစနစ်တစ်ခု တည်ဆောက်ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ထိုစနစ် ကြိုးစားဖော်ဆောင်နေကြသော်လည်းပဲ အမျိုးအစား တွေ များနေတာက တော့ သုံးစွဲသူကို အခက်အခဲဖြစ်စေနိုင်ပါတယ်။ Electronic Money System ကို ငွေလွှဲပေးတဲ့နေရာမှာ သုံးတာတစ်ခုတည်းထက် ဈေးကွက်ရဲ့ဇာတ်ကောင် (market actors) တွေ အားလုံး သုံးနိုင်ပြီး၊  အခြေခံစားသောက်ကုန် ရောင်းဝယ်တဲ့ နေရာမှာ၊ အခြေခံ သယ်ယူပို့ဆောင်ရေးနှင့်ဆိုင်တဲ့ကိစ္စတွေမှာ  စတဲ့ နိစ္စဓူဝလှုပ်ရှားမှုတိုင်းမှာ Electronic Money ကို သုံးနိုင်ရင် ပိုအဆင် ပြေမှာပါ။

လိုနေတာတစ်ခု က တော့ ဥပဒေနည်း ဥပဒေနှင့် ကွပ်ကဲမှုများပါပဲ။ ပိုပြီးထိရောက်သေချာတဲ့ ကြပ်မတ်မှုမျိုးဖြစ်လာဖို့ လိုပါတယ်။

Mobile banking တွေ၊ ဘာ Pay  ညာ Pay တွေ ရှိလာသော်လည်းပဲ ၊ မတူတဲ့ ဘဏ်တွေကို ငွေလွှဲလို့ မရတာမျိုး၊  သေသေချာချာ အလုပ်မလုပ်တာတွေ ဟာလည်း  Electronic Money မအောင်မြင်ရခြင်းအကြောင်းတစ်ခု လိုထင်ပါတယ်။

အခုလိုအချိန်မှာ Digital marketing  နဲ့ Online shopping တွေ ပိုဖြစ်လာရင် Electronic Money System ဟာ  စီးပွားကို ပိုပြီးတော့ သွက်လာစေနိုင်တဲ့ကြားခံတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်မိပါတယ်။

Electronic Money System  ကို သာ အောင်မြင်အောင်ဖော်ဆောင်နိုင်မယ်ဆိုရင် တိုင်းပြည်ရဲ့ အသုံးစရိတ်တစ်ခု ဖြစ်တဲ့ ငွေစက္ကူကို ရိုက်နှိပ်ရတဲ့စရိတ်လည်း လျော့ကျ သွားနိုင်ပါတယ်။ COVID-19 ကာလမှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က လုပ်ဆောင်ခဲ့တဲ့ Mandalay Smart pay အလွန်သင့်တော်တဲ့အစီအမံတစ်ခုပါ။ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ကိုလည်း မျှော်လင့်မိပါတယ်။

လက်ရှိ စက်မှု၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးဦးဆက်အောင်နှင့် ပြောဖူးတာကို ပြန်ကိုးကားပါရစေ။ " ကျွန်တော်တို့မှာ late comers benefit  (နောက်ကျသူအတွက် အားသာချက်) ဆိုတာ ရှိပါတယ်၊ card payment အစား သူများတွေ အခုမှ စ ပြီးစမ်းနေတဲ့ Digital currency လိုအဆင့်လောက်ကို ကြိုတင်ပြီး သုံးနိုင်ရင် ပိုကောင်းပါတယ်" လို့ လွန်ခဲ့တဲ့ သုံး နှစ်လောက်က ပြောဖူးပါတယ်။

အဲဒီလို တော်တဲ့ အမျှော်အမြင်ရှိတဲ့ ဝန်ကြီးက Electronic Money System တွေ ပေါ်လာအောင် လုပ်ဆောင်နိုင်ပေမယ့် မအောင်မြင်တာကတော့ ဘာလို့ ပါလိမ့်လို့ စေ့စေ့တွေးရင် ရေးရေးတော့ ပေါ်နိုင်လိမ့်မယ်ထင် ပါတယ်။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required