ပိတ်ပင်ကာလအတွင်း စိတ်ကျရောဂါလက္ခဏာတွေပြတဲ့ ဘောလုံးကစားသမားအရေအတွက် ၂ ဆ မြင့်တက်

ပိတ်ပင်ကာလအတွင်း စိတ်ကျရောဂါလက္ခဏာတွေပြတဲ့ ဘောလုံးကစားသမားအရေအတွက် ၂ ဆ မြင့်တက်

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဘောလုံးပွဲတွေ ပိတ်ပင်ပြီးနောက်ပိုင်းကစလို့ စိတ်ကျရောဂါလက္ခဏာတွေပြသတဲ့ ဘောလုံးကစားသမားအရေအတွက် ၂ ဆ မြင့်တက်လာတယ်လို့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (FIFPro) ရဲ့ စစ်တမ်းကောက်ယူချက်အရ တွေ့ရှိရပါတယ်။

ဘောလုံးအသိုင်းအဝိုင်းအပေါ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရေရှည်အကျိုးသက်ရောက်မှုရှိလာနိုင်မှုနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ ပူပန်မှုတွေကြားမှာ စိုးရိမ်စိတ် လက္ခဏာတွေလည်း မြင့်တက်လာခဲ့ပါတယ်။

FiFpro က မတ်လ ၂၂ ရက်ကနေ ဧပြီ ၁၄ ရက်အတွင်း နိုင်ငံပေါင်း ၁၆ နိုင်ငံက ပရော်ဖက်ရှင်နယ်ကစားသမား ၁၆၀၂ ဦးကို မေးမြန်းမှုပြုလုပ်ခဲ့ပြီး လေ့လာချက်အရ အမျိုးသမီးကစားသမားတွေရဲ့ ၂၂ ရာခိုင်နှုန်းနဲ့ အမျိုးသားကစားသမားတွေရဲ့ ၁၃ ရာခိုင်နှုန်းဟာ စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာတွေ ပြသခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီး ၁၈ ရာခိုင်နှုန်းနဲ့ အမျိုးသား ၁၆ ရာခိုင်နှုန်းဟာလည်း ယေဘူယျအားဖြင့် စိုးရိမ်ပူပန်တယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ ဇန်နဝါရီလအတွင်းက အခုလို စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှု ပြုလုပ်ခဲ့တာကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီး ဘောလုံးသမား ၁၁ ရာခိုင်နှုန်းနဲ့ အမျိုးသားဘောလုံးသမား ၆ ရာခိုင်နှုန်းမှာသာ စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာ တွေ့ရတဲ့အတွက် ကပ်ဘေးကာလအတွင်း ၂ ဆလောက် မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သိပ္ပံနည်းကျ သုတေသနပြုချက်အရ ယေဘုယအားဖြင့် အမျိုးသမီးတွေဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်ကို အမျိုးသားတွေထက် အရေအတွက်ပိုများတယ်လို့ တွေ့ရှိရပါတယ်။

ဘောလုံးမှာ သူတို့ရဲ့အနာဂတ်အတွက် စိတ်ပူနေတဲ့ ကစားသမားဟာ စိတ်ကျရောဂါ ဒါမှမဟုတ် စိုးရိမ်ပူပန်တဲ့ လက္ခဏာတွေကို သိသိသာသာ များများစားစားရှိတယ်လို့ Fifpro က ပြောပါတယ်။

စီးပွားရေမသေချာမရေရာမှုဟာ စိတ်ကျရောဂါလက္ခဏာတွေ မြင့်တက်မှုလို့ တစ်စိတ်တစ်ပိုင်း ရှင်းပြနိုင်ပေမယ့်လည်း တခြားအကြောင်းအချက်အလက်တွေလည်း ပါဝင်ပတ်သက်ခံရဖွယ်ရှိတယ်လို့ ထင်နေကြပါတယ်။

အမျိုးသားကစားသမားတွေထဲက အသက် ၂၆ နှစ်နဲ့ အမျိုးသမီးကစားသမားတွေထဲက အသက် ၂၃ နှစ်အရွယ်တွေဟာ စစ်တမ်းကောက်ယူခဲ့တဲ့ အဓိကအသက်အရွယ်တွေဖြစ်ပါတယ်။ ဘောလုံးသမားအတော်များများဟာ ငယ်ရွယ်တဲ့သူတွေဖြစ်ပြီး များသောအားဖြင့် မိသားစုတွေနဲ့ နီးနီးကပ်ကပ် နေထိုင်ခြင်းမရှိဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာ နေထိုင်ပါတယ်။ အခုလို မသေချာမရေရာတဲ့ အချိန်ဟာ စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

"ဘောလုံးလောကမှာ လူငယ်အမျိုးသားနဲ့ အမျိုးသမီး ကစားသမားတွေဟာ လူမှုရေးအရ အထီးကျန်မှုနဲ့ သူတို့ရဲ့ အလုပ်တွေရပ်ဆိုင်းလိုက်ရတာကို ရုတ်တရက် ရင်ဆိုင်လိုက်ရပြီး သူတို့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ သံသယတွေရှိနေပါတယ်။"လို့ Fifpro ရဲ့ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာ Vincent Gouttebarge က ပြောပါတယ်။

"တချို့က ဒီအပြောင်းအလဲတွေကို ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့ ကောင်းကောင်း အဆင်သင့်မဖြစ်သေးဘူး။ သူတို့ စိတ်ချရတဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် စိတ်ကျန်းမာရေးပညာရှင်တစ်ယောက်ယောက်ဆီကနေ အကူအညီတောင်းဖို့ ကျနော်တို့ သူတို့ကို တိုက်တွန်းပါတယ်။"

Ref; The Guardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly