ဂျော်ဂျင်ဟိုကို ဂျူဗင်တပ်စ်ဆီ ပြန်ခေါ်ချင်နေတဲ့ ဆာရီနဲ့ အပြောင်းအရွှေ့သတင်းတိုများ

ဂျော်ဂျင်ဟိုကို ဂျူဗင်တပ်စ်ဆီ ပြန်ခေါ်ချင်နေတဲ့ ဆာရီနဲ့ အပြောင်းအရွှေ့သတင်းတိုများ
Photo: EPA

အူဘာမီယန်း

အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်း ချာလီ နီကိုလပ်စ်က အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူချင်တဲ့အသင်းတွေထဲမှာ မန်စီးတီးလည်း ပါဝင်လာလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ အူဘာမီယန်းကို ဘာစီလိုနာနဲ့ ရီးယဲလ်တို့က စိတ်ဝင်စားနေပြီး မန်စီးတီးအသင်းအနေနဲ့ ဒီကစားသမားကို ခေါ်ယူဖို့ ကြိုးစားလာမှာ အသေအချာပဲလို့ နီကိုလပ်စ်က သုံးသပ်တာပါ။

အိုဇေးလ်

အာဆင်နယ်အသင်းကစားသမားတွေအနေနဲ့ လစာလျော့ယူဖို့ သဘောတူခဲ့ကြပေမယ့် အသင်းကစားသမား (၃)ယောက်ကတော့ သူတို့ရဲ့ လစာကို လျော့မယူနိုင်ဘူးလို့ အသိပေးခဲ့ကြကြောင်း DailyMail က ဖော်ပြပါတယ်။ အဲဒီ ကစားသမား (၃)ယောက်ထဲမှာ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်လည်း ပါဝင်နေပြီး အာဆင်နယ်ရဲ့ လစာအများဆုံးရတဲ့ ကစားသမား အိုဇေးလ်ဟာ အသင်းတာဝန်ရှိသူတွေနဲ့ ထိပ်တိုက်တွေ့ရမယ့် အနေအထားပါ။

ဘာစီလိုနာ

ဗလင်စီယာအသင်းရဲ့ ကွင်းလယ်ကစားသမား ပါရီဂျိုကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို ဘာစီလိုနာက ပယ်ချလိုက်ပါတယ်။ ပါရီဂျို ဟာ ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းအနေနဲ့ သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့တဲ့အကြောင်း ဖွင့်ဟသွားခဲ့ပြီး လက်ရှိအချိန်မှာလည်း ခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း ပြောဆိုလိုက်တာပါ။ ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတွေကတော့ ပါရီဂျိုရဲ့ ပြောစကားတွေကို ပယ်ချသွားခဲ့ပါတယ်။

ကာဆာရက်စ်

ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ နောက်ခံကစားသမားဟောင်း ကာဆာရက်စ်က သူ့အနေနဲ့ လက်ရှိကလပ် ဖီအိုရင်တီးနားမှာပဲ ကစားသမားဘဝကို ကုန်ဆုံးဖို့ ဆန္ဒရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် (၃၃)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဥရုဂွေးနောက်ခံလူဟာ ၂၀၁၉ ခုနှစ်မှာ ဖီအိုရင်တီးနားအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် (၁၈)ပွဲ ကစားကာ (၁)ဂိုး သွင်းယူပေးထားခဲ့ပါတယ်။

ဂျော်ဂျင်ဟို

ဂျူဗင်တပ်စ်အသင်းနည်းပြကြီး ဆာရီကတော့ သူ့ရဲ့တပည့်ဟောင်း ဂျော်ဂျင်ဟိုကို ဂျူဗင်တပ်စ်အသင်းဆီ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ ချယ်လ်ဆီးအသင်းကို ဆာရီတစ်ယောက် ကိုင်တွယ်ခဲ့စဉ်တုန်းက ဂျော်ဂျင်ဟိုကို နေရာပေးမှုအတွက် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာတော့ ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ ဖြစ်နေပါပြီ။ ဆာရီဟာ ဂျော်ဂျင်ဟိုကို ရဖို့အတွက် ဂျူဗင်တပ်စ်ကွင်းလယ်လူ ဘာနာဒက်ချီ နဲ့ အလိုက်ပေး လဲလှယ်သွားဖို့ရှိနေတယ် လို့လည်း သတင်းတွေ ထွက်နေပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly