ရှမ်းတပ်မတော် SSPP/SSAက ငါးကြိမ်လာတိုက်ဟု မြဝတီသတင်းစာဖော်ပြမှု မှားယွင်းဟု SSPP ထုတ်ပြန်

ရှမ်းတပ်မတော် SSPP/SSAက ငါးကြိမ်လာတိုက်ဟု မြဝတီသတင်းစာဖော်ပြမှု မှားယွင်းဟု SSPP ထုတ်ပြန်

ချင်းမိုင်၊ နိုဝင်ဘာ ၃ ။ ။ ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ ဝိန်းကောင်ကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်သို့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) လာရောက်တိုက်ခိုက်ခြင်း ဆိုသော သတင်းမဟုတ်မှန်သဖြင့် စိစစ်မှုများ ပြုလုပ်၍ သတင်းထုတ်ပြန်ရန် SSPP/SSA က တောင်းဆိုလိုက်သည်။

SSPP/SSA ဝမ်ဟိုင်းအဖွဲ့ အင်အား ၂၀၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အောက်တိုဘာလ ၂၉ ရက်နှင့် အောက်တိုဘာလ ၃၀ ၇က်များက လာရောက်တိုက်ခိုက်သည်ဟု ဆိုသော မြဝတီသတင်းဌာန၏ နိုဝင်ဘာလာ ၁ ရက်နေ့ ထုတ်ပြန်ထားမှုအပေါ် SSPP/SSA က နိုဝင်ဘာလ ၂ ရက် ကြေငြာချက် ုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အောက်ခြေတပ်က မဟုတ်မှန်တဲ့ သတင်းတွေတင်ပြသွားတာကို အထက်က မကြည့်ဘဲနဲ့ အဟုတ် ထင်ပြီးတော့ ကျနော်တို့ကို စွတ်စွဲတာကတော့ မကောင်းဘူး။ ဒါကြောင့် အဲဒါကို အမှန်တရားရဖို့ဆို သူတို့ သက်ဆိုင်ရာ အရာရှိတွေက လာရောက်ပြီး စစ်ဆေးသင့်တယ်။ ကျနော်တို့ တကယ်တန်း တိုက်ခိုက်တယ်ဆိုရင် သူတို့ အဆောက်အအုံတွေ ဖျက်ဆီးတယ် ဆိုလည်း အထောက်အထား ပြရမယ်။ အဲဒီက ကျေးရွာလူထုတွေလည်း သိရမယ်။ တိုက်ပွဲက သူတို့ တင်ပြတဲ့ အတိုင်းဆိုရင် ပြင်းပြင်း ထန်ထန် ဖြစ်နေတဲ့ ပုံစံဖြစ်နေပြီ။ အဲဒါ ကွင်းဆင်းပြီးတော့ စိစစ်ကြည့်ရင်တော့ သိမှာဘဲ။ သူတို့ အဆောက်အအုံ ပျက်ဆီးမှု တကယ် ရှိမရှိ။ အရာရှိ တကယ် ကျဆုံး မဆုံးဆိုတာ စိစစ်မှဘဲ သိမှာပေါ့”ဟု SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက မဇ္ဈိမကို ပြောသည်။

“သူတို့ဟာ သူတု့ိ ဖန်တီးယူတဲ့ တိုက်ပွဲ ဖြစ်နေတယ်။ တိုက်ပွဲကလည်း သူတို့ အရာရှိဖြစ်တဲ့သူကျဆုံးတယ်လို့ ထုတ်ပြန်ထားတယ်။ ဖြစ်ဖြစ်ချင်း အစိုးရကို ကျနော်တို့သွား တိုက်ခိုက်တာ မဟုတ်ဘဲနဲ့ သူတို့ဖာသာ လုပ်ကြံပြီးတော့ ဖန်တီးတဲ့တိုက်ပွဲဖြစ်ကြောင်းကို ကျနော်တို့ တင်ပြခဲ့ပါတယ်”ဟု သူက ဆက်ပြောသည်။

ဝိန်းကောင်ကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်တွင် ဖြစ်ပွားခဲ့သည်ဆိုသည့် တိုက်ပွဲများသည် မိမိ SSPP/SSA နှင့်လုံးဝ မပတ်သက်ကြောင်းနှင့် ဖြစ်ပျက်ခဲ့သော အမှန်တရားများအား ပတ်ဝန်းကျင်ရှိ ရွာသူရွာသားများအသိဆုံးပင်ဖြစ်သောကြောင့် သက်ဆိုင်ရာများမှ ကွင်းဆင်းမှုစိစစ်၍ ဖြစ်ရပ်မှန်များအား ထင်ယောင်ထင်မှားမဖြစ်ရန် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ မဟုတ်မမှန်သတင်းများ ထုတ်ပြန်ပါက အထက်မှ အရာရှိများ ဆုံးဖြတ်ချက် မှားယွင်းနိုင်သလို၊ ပြည်သူလူထုလည်း SSPP/SSA အပေါ် အထင်အမြင်လွဲမှားနိုင်သဖြင့် အစိုးရ စစ်တပ်က သတင်းမှန်၊ ဖြစ်ရပ်မှန်ကိုသာ ထုတ်ပြန်သင့်သည်ဟု ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“ဒါမျိုး မဟုတ်မမှန် သတင်းတွေ ထုတ်ပြန်ရင် အထက်က အရာရှိတွေလည်း ဆုံးဖြတ်ချက်မှားနိုင်မယ်။ ကျနော်တို့ပြည်သူလူထုလည်း ကျနော်တို့အပေါ် အကောင်းမမြင်နိုင်ဘူးပေါ့နော်။ အဲဒါ တစ်မျိုးဖြစ်သွားမှာ ဆိုးလို့ပါ။ ဒါကြောင့် ရှေ့ဆက်ပြီး မဟုတ်မမှန်သတင်းတွေ မထုတ်ပြန်ပါနဲ့လို့ဘဲ ကျနော်တို့ ပြောချင်ပါတယ်”ဟု သူက ပြောသည်။

၎င်းတိုက်ပွဲဖြစ်ပွားသည့် အောက်တိုဘာလ ၂၉ နှင့် ၃၀ ရက်များတွင် SSPP/SSA ဌာနချုပ်သို့ တပ်မတော်စခန်းမှ အရပ်လေးမျက်နှာ တိုက်ပွဲဆင်ကာ ပစ်ခတ်မှုကြောင့် ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် အရပ်သားများ၏ လုံခြုံရေးတို့ကို ခြိမ်းခြောက်နေသည့်အပြင် ရည်ရွယ်ချက်တစ်စုံတစ်ရာဖြင့် ပြုလုပ်နေသည်ဟု သုံးသပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၉ ရက်က ဝမ်ဟိုင်းဌာနချုပ်သို့ ၁၂၀ မမ လက်နက်ကြီးများ ကျရောက်ခဲ့သဖြင့် လူနေအိမ် ၂ လုံး၊ ကားတစ်စီး ထိမှန်ပျက်စီးကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှ စတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲသည် တပ်မတော်စစ်ကြောင်းများက သတ်မှတ်နေရာအား ကျော်လွန်၍ နယ်မြေချဲ့ထွင်သည့်ဟူသော အကြောင်းပြချက်ဖြင့် ယနေ့ထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင် SSPP/SSA ငြိမ်းချမ်းရေး ဖော်ဆောင်ရေအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) အဖွဲ့ဝင် ဝန်ကြီး ဦးခင်မောင်စိုးထံသို့ ဖုန်းဖြင့် အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက် အစီအရင်ခံခဲ့သလို ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းထံသို့ ထပ်မံ အစီအရင်ခံခဲ့ပြီး ဖြစ်ကြောင်း ဆိုထားသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက် နံနက် ၄ နာရီချိန်တွင်လည်း SSPP/SSAတပ်များရှိရာ မိုင်းဟန်စခန်းဘက်သို့ အစိုးရ စစ်တပ်၏ ကျူမောက်ခေါင်တပ်စခန်းမှ လက်နက်ကြီးဖြင့် ၄၊ ၅ ကြိမ်ခန့် ပစ်ခတ်ခဲ့သလို၊ အစိုးရ စစ်တပ်က ထိုးစစ်မှုများ တိုးမြင့်၍ SSPP/SSAအား တိုက်ခိုက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် လက်ရှိ မိုင်းရှူး၊ မိုင်းနောင်နှင့် ကျေးသီးမြို့နယ်ရှိ ဒေသခံ စစ်ပြေးဒုက္ခသည် ၃၀၀၀ ကျော်သည် ထွက်ပြေးတိမ်းရှောင်နေရသည်။

SSPP/SSA သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA)တွင် တိုင်းရင်းသား လက်နက်ကိုင် အဇွဲ့အစည်းများ အားလုံး ပါဝင်နိုင်ခြင်း မရှိသဖြင့် လက်မှတ်မရေးထိုးသေးသဖြင့် အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags