ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဘောလုံးကြယ်ပွင့်တွေ ဂုဏ်ပြု

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဘောလုံးကြယ်ပွင့်တွေ ဂုဏ်ပြု

ပီလီ၊ မာရာဒိုနာနဲ့ ရော်နယ်လ်ဒိုအစရှိတဲ့ ဘောလုံးကြယ်ပွင့် အယောက် ၅၀ က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို တိုက်ဖျက်ဖို့ ကြိုးစားနေကြတဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေကို ချီးကျူးဂုဏ်ပြုတဲ့ ဗီဒီယိုဖိုင်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က လွှင့်တင်ခဲ့ပါတယ်။

စနေနေ့က ထုတ်လွှင့်တဲ့ ဗီဒီယိုဟာ ၁ မိနစ်ခွဲနီးပါးရှိပြီး ဒီဗီဒီယိုထဲမှာ လက်ရှိကြယ်ပွင့်တွေနဲ့ ကြယ်ပွင့်ကစားသမားဟောင်းတွေက သူတို့နေထိုင်ရာ အိမ်အသီးသီးကနေ "လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတွေ" ဆိုပြီး လက်ခုပ်တီးဂုဏ်ပြုချီးကျူးခဲ့တာပါ။

"ကမ္ဘာအဝှမ်းက ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေမှာ ရှိတဲ့ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ လူသားတွေကို ကူညီထောက်ပံ့ဖို့ နေ့စဉ် သူတို့ရဲ့ အသက်တွေကို စွန့်စားနေကြပါတယ်။"လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပူးတွဲကြေညာချက်တစ်ခုမှာ ပြောတယ်လို့ ဆင်ဟွာ သတင်းက ဖော်ပြပါတယ်။

ဒီဗီဒီယိုထဲ ပါဝင်တဲ့ တခြားသူတွေက ဒေးဗစ်ဘက်ခမ်း၊ ဘူဖွန်၊ ကာဖူး၊ ကန်နဗာရို၊ ကာဆီးလက်၊ ဇီဒန်း၊ ကလွိုင်ဗက်နဲ့ မာတာစတဲ့ ကစားသမားတွေဖြစ်ပါတယ်။

ဘက်ခမ်းက "ဘောလုံးသမားတွေအနေနဲ့ ကျနော်တို့ဟာ လက်ခုပ်သံတွေကို လက်ခံရရှိလေ့ရှိတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျနော်တို့ကို ကာကွယ်ဖို့ သူတို့ရဲ့ အသက်တွေကို စွန့်စားနေတဲ့ လူအများကြီးအတွက် လေးစားမှုကို ပြသနိုင်ဖို့ ကျနော်တို့မှာ အခွင့်အရေးရှိပါတယ်။"လို့ ကြေညာချက်ထဲမှာ ပြောပါတယ်။

Ref; AFP, Khaleej Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly