သမ္မတ ထရမ့်ရဲ့ lockdown ဖြေလျော့ရေး အစီအစဉ်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အချေအတင် ဖြစ်

သမ္မတ ထရမ့်ရဲ့ lockdown ဖြေလျော့ရေး အစီအစဉ်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အချေအတင် ဖြစ်
Photo: AFP

ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown ချထားတာကို ဖြေလျော့ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကြား အချေအတင် ဖြစ်နေချိန်မှာပဲ ဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ကူးစက်နေတဲ့ နယူးယောက်ပြည်နယ်ဟာ ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဟာ အထွဋ်အထိပ် ရောက်လာနိုင်တယ်လို့ တနင်္ဂနွေနေ့မှာ သတိထားပြီး ကြေညာလာပါတယ်။

ဒီ ကြေညာချက်ကို တုံ့ပြန်ကြတဲ့အနေနဲ့ ဒေသခံအချို့ဟာ ဘရွတ်ကလင်းက ပရိုစပတ်ပန်းခြံမှာ နေပူစာလှုံတာ၊ လေညှင်းခံထွက်တာတွေ လုပ်ဆောင်ကြပါတယ်။ အမေရိကန်မှာ အပြင်မထွက်ရအမိန့် အဆုံးသတ်ပေးဖို့ စနေနေ့က ရာပေါင်းများစွာသော ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိအထိ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၇၄၂၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၀၀၀၀ ကျော်ထက်မနည်း ရှိနေပြီး ရောဂါဘေးအကျပ်အတည်းကို တုံ့ပြန်ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့လည်း သမ္မတ ထရမ့်ကို ဝေဖန်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဆေးပညာရှင်တွေက အရေအတွက်မဲ့ အသက်တွေကို ကယ်တင်နိုင်မယ်လို့ ဆိုထားတဲ့ lockdown ကန့်သတ်ချက်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ထရမ့်က ထောက်ခံပြတာကြောင့် အချေအတင်ဖြစ်စရာတွေ ဖြစ်ပွားပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

နယူးယောက်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကျဆင်းလာတယ်ဆိုပေမယ့် ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကူယိုမိုက ပေါ့ဆလို့ မရသေးတဲ့ အချိန်ပဲ ဖြစ်တယ်လို့ သတိပေးပြောပါတယ်။ ဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်နိုင်မှုနှုန်းဟာ ထရမ့်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကြား အချေအတင်ဖြစ်မှုရဲ့ ဆုံချက်အဖြစ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်ဆိုလည်း စစ်ဆေးစမ်းသပ်လို့ ရနေတာပဲ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဗိုင်းရပ်စ်စစ်ဆေးမှုလုပ်ငန်းတွေကို အကောင်အထည် ဖော်နိုင်ရမှာပေါ့။”ဆိုပြီး ထရမ့်က တွစ်တာမှာ ရေးသားပါတယ်။

အမေရိကန်မှာ စီးပွားရေး လုပ်ငန်းကိုင်ငန်းတွေ ကနဦး ပြန်ဖွင့်နိုင်အောင်နဲ့ ပုံမှန်အခြေအနေဆီ တစ်စိတ်တစ်ပိုင်း ပြန်လည်စတင်နိုင်အောင်အတွက် ဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်မှုတွေကို ပြည်နယ်အားလုံးမှာ လုံလုံလောက်လောက် လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ဒုတိယသမ္မတ မိုက်ပန့်ကလည်း ပြောပါတယ်။

ဒါပေမယ့် အချို့သော ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကတော့ ဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်နိုင်စွမ်းဟာ ကူးစက်ဖြစ်ပွားမှု အသစ်တွေကို ရှောင်ရှားနိုင်လောက်တဲ့ လိုအပ်တဲ့အဆင့်ကို ပြည့်မီခြင်း မရှိသေးဘူးလို့ ပြောဆိုထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly