ရန်ကုန်တွင် ညမထွက်ရ ကန့်သတ်အမိန့် ထုတ်ပြန်

ဧပြီ ၁၈

မြန်မာပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အများဆုံးပေါ်ထွက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှုထိန်းရန်အလို့ငှာ မြို့နေလူထုကို ညဘက် ခြောက်နာရီကြာ အိမ်ပြင်မထွက်ရန် ညွှန်ကြားချက် တစ်ရပ်ကို တိုင်းဒေသကြီးအစိုးရက ယမန်နေ့က ထုတ်ပြန်လိုက်သည်။
 
မနက်ဖြန်တွင် စတင်အသက်ဝင်မည့် ကန့်သတ်ချက်သည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်တွင် ကိုကိုးကျွန်းမှလွဲ၍ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အိမ်ပြင်မထွက်ရန်ဖြစ်သည်။

 ကိုကိုးကျွန်းမြို့နယ်သည်တပ်မတော်(ရေ)တပ်စခန်းအခြေချရာဒေသတစ်ခုဖြစ်သည့်အပြင် ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုအများစုနေထိုင်ရာမြို့နယ်တစ်ခုဖြစ်သည်။

တပ်မတော်အဖွဲ့အစည်းများတည်ရှိရာနေရာများတွင် ညမထွက်ရအမိန့်နှင့် အရေးကြီးအကြောင်းတစုံတစ်ရာအပါအဝင်သတ်မှတ်ခွင့်ပြုချက်မရှိဘဲနေအိမ်အပြင်မထွက်ရအမိန့်ကို ဧပြီလဆန်းကတည်းက ထုတ်ထားပြီးဖြစ်ကြောင်းတပ်မတော်မိသားစုများထံမှသိရသည်။

 မြို့နယ်အုပ်ချုပ်ရေးက ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များနှင့် ညမထွက်ရ အမိန့်ကို ချိုးဖောက်ပါက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေဖြင့်သာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။

“အရေးယူမှုအပိုင်းကလည်း ဒီအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါ နှိမ်နင်းရေးဥပဒေအရ အရေးယူမှာနော်။ ဒါနဲ့ပဲ အရေးယူမှာပါ။ ဒါသည်ကူးစက်ရောဂါ ကာလပါ။ ဒီကာလနဲ့သက်ဆိုင်တာပဲ အရေးယူမှာပါ။” ဟု ဒေါ်မိုးမိုးစုကြည်က ပြောသည်။

ဒေသန္တရအုပ်ချုပ်ရေးက ထုတ်ပြန်သည့် ညမထွက်ရအမိန့်များတွင် နောက်ထပ်ထူးခြားသည့် အခြေအနေ တစ်ခုအရ နောက်ထပ်ကြေညာချက်မထွက်မချင်း အကျုံးဝင်မည်ဖြစ်သည်။

ဒေါ်စိုးမိုးကြည်က “  ဒါက ဒေသန္တရအမိန့်လို့ပဲခေါ်လို့ရတယ်။" ဟုဆိုကာ ပုဒ်မ ၁၄၄ နှင့် ရောထွေးခြင်းမရှိဖို့ ရှင်းပြသည်။
 
ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေ တွင် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များကို မလိုက်နာပါက အမြင့်ဆုံးပြစ်ဒဏ်သည် ထောင်ဒဏ် ခြောက်လ(သို့) ငွေဒဏ် ငါးသောင်း ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းသိရသည်။

 “  ကျွန်တော်တို့ကျန်းမာရေးနဲ့ပတ်သက်ပြီး အရေးပေါ်ထုတ်ရတဲ့အတွက်ကြောင့် ကျန်းမာရေးအရ အကယ်၍မဖြစ်မနေထွက်ရတဲ့ကိစ္စတွေပေါ်လာရင် ခွင့်ပြုချက်ယူပြီးသွားလို့ရပါတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထား တာရှိပါတယ်။ သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့တွေကနေ ခွင့်ပြုချက်ယူပြီးသွားလို့ရပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း ကျန်းမာရေးအရဆေးရုံသို့ အရေးပေါ်သွားရောက်ရန်လိုအပ်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများသို့ အကြောင်းကြားကာ ခွင့်ပြုချက်ယူ၍ သွားရောက်နိုင်ကြောင်း ရှင်းပြသည်။
 
တိုင်းဒေသကြီးအစိုးရအဖွဲ့က  COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြရာ ကော်မတီက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်၍ ယခုလိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူဦးရေငါးသန်းကျော်ရှိသောရန်ကုန်တိုင်းဒေသကြီး၏ဗိုလ်တထောင်၊အင်းစိန်၊မင်္ဂလာတောင်ညွန့်၊အလုံ၊စမ်းချောင်း၊ဗဟန်း၊မင်္ဂလာဒုံ၊တာမွေ၊မရမ်းကုန်း၊တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပ၊လှိုင်သာယာ၊လှည်းကူး၊ရွှေပြည်သာ၊ပန်းဘဲတန်း၊ပုဇွန်တောင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စုစုပေါင်း (၁၇) မြို့နယ်တွင်  ၇၆ ဦး  ကူးစက်ခံရသည

ယနေ့တွင် မြို့နယ် ၇ ခုတွင် အရေးတကြီးကိစ္စများမှတစ်ပါး နေအိမ်တွင်နေထိုင်ခြင်း Home stay ညွှန်ကြားချက်ထုတ်သလို ဗဟန်းမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်များတွင်တော့ ပြင်ပလူအဝင်အထွက်မပြုစေရေး တားမြစ်မှုလုပ်ရန်ပြင်နေသည်။

ဧရာဝတီတိုင်းဒေသကြီးကလည်း ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည်။စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီလ ၁၃ ရက် ၊ မန္တလေးတိုင်းဒေသကြီးတွင် ဧပြီလ ၁၆ ရက်နေ့တို့က ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့ကြသည်။

မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 အတည်ပြုလူနာပေါင်း ၉၄ ဦးနှင့်သေဆုံးသူ ငါးဦးရှိနေပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly