ရီးယဲလ်အသင်းရဲ့ အစွန့်ပစ်ခံ နာမည်ကျော် ဘောလုံးသမားများ

ရီးယဲလ်အသင်းရဲ့ အစွန့်ပစ်ခံ နာမည်ကျော် ဘောလုံးသမားများ

ရီးယဲလ်မက်ဒရစ်ဆိုတာ အပြောင်းအရွှေ့စျေးကွက်မှာ ထင်ရာစိုင်းတတ်တဲ့ အသင်းတစ်သင်းအဖြစ် နာမည်ကြီးတဲ့အသင်းပါ။ ရီးယဲလ်ရဲ့ ကြယ်စင်စုတွေဆိုတဲ့အချိန်တုန်းက ပိုဆိုးပါတယ်။ နာမည်ကျော်တဲ့ ကစားသမားမှန်သမျှ သူတို့အသင်းဆီ ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ရီးယဲလ်ဟာ တကယ်တမ်းမှာတော့ အရည်အသွေးမြင့်တဲ့ လူငယ်ကစားသမားကောင်းတွေ များစွာ ပိုင်ဆိုင်ခဲ့ဖူးပြီး သူတို့ရဲ့ တန်ဖိုးမထားမှုကြောင့် လက်လွှတ်ခဲ့ရတာပါ။ လက်ရှိမှာ နာမည်ကျော် ကစားသမားတွေအနေနဲ့ ရပ်တည်နေကြသူတချို့ဟာ သူတို့ရဲ့ ငယ်ဘဝကို ရီးယဲလ်အသင်းနဲ့အတူ ဖြတ်သန်းခဲ့ဖူးပြီး ရီးယဲလ်မှာ အောင်မြင်မှုမရပဲ၊ တခြားနေရာတွေမှာသာ အောင်မြင်မှု ရရှိခဲ့ကြသူတွေပါ။ အဲဒီကစားသမားတွေကို ဖော်ပြရမယ်ဆိုရင်တော့….

(၁)။ မာတာ

ရီးယဲလ်အသင်းရဲ့ လူငယ်စီမံကိန်းကနေ ပေါ်ထွက်လာခဲ့တဲ့ မာတာဟာ ၂၀၀၆-၀၇ ဘောလုံးရာသီမှာ ရီးယဲလ်အသင်းအတွက် စတင် ကစားပေးခွင့်ရရှိခဲ့တာပါ။ သူက (၃၉)ပွဲမှာ (၁၀)ဂိုးသွင်းပြီး အထင်ကြီးစရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပေမယ့် အဲဒီနောက်တစ်ရာသီမှာတော့ ရီးယဲလ်ဟာ မာတာကို ဗလင်စီယာအသင်းဆီ ရောင်းထုတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်နေခဲ့ပါပြီ။

(၂)။ အီတူး

ဘာစီလိုနာအသင်းနဲ့အတူ နာမည်ကျော်ခဲ့တဲ့ တိုက်စစ်မှူး အီတူးကလည်း ရီးယဲလ်အသင်းရဲ့ လူငယ်စီမံကိန်းကနေ ပေါ်ထွက်လာခဲ့တဲ့သူပါ။ သူက ၁၉၉၇ ကနေ ၂၀၀၀ ခုနှစ်အထိ ရီးယဲလ်စီနီယာအသင်းအတွက် ရွေးချယ်ခံခဲ့ရပေမယ့် အဲဒီ ၃ နှစ်အတွင်းမှာ လီဂါနက်စ်၊ အက်စ်ပန်ညို၊ မာယော့ကာအသင်းတွေဆီ အငှားသွားရောက်ကစားခဲ့ရပြီး ရီးယဲလ်အတွက် ၃ ပွဲသာ ကစားပေးခွင့်ရခဲ့သူပါ။ နောက်ဆုံးမှာတော့ မာယော့ကာအသင်းဆီကို ရောင်းချခြင်းခံလိုက်ရပါတယ်။

(၃)။ ဖာဘင်ညို

လက်ရှိမှာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖာဘင်ညိုဟာ အသက် ၁၈ နှစ်မှာ ရီးယဲလ်အရန်အသင်းဆီ အငှားနဲ့ ရောက်ရှိလာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ရီးယဲလ်လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်တစ်ပွဲရရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရီးယဲလ်နည်းပြက မော်ရင်ဟိုဖြစ်ပြီး ဖာဘင်ညိုအနေနဲ့ ရီးယဲလ်အတွက် ရှားရှားပါးပါး ကစားပေးခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ မိုနာကို အသင်းဆီ အငှားနဲ့ ထပ်မံပြောင်းရွှေ့သွားခဲ့ပြီး လက်ရှိအချိန်မှာတော့ နာမည်ကျော် ကွင်းလယ်လူတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။

(၄)။ မားကို့စ်အလွန်ဆို

လက်ရှိမှာ ချယ်လ်ဆီးရဲ့ ဘယ်နောက်ခံ ကစားသမားအဖြစ် ကစားနေတဲ့ မားကို့စ်အလွန်ဆိုဟာလည်း ရီးယဲလ်ရဲ့ လူငယ်စီမံကိန်းကနေ ပေါ်ထွက်လာခဲ့သူပါ။ သူက ၂၀၀၈ ခုနှစ်မှာ ရီးယဲလ်အရန်အသင်းအတွက် ကစားခွင့်ရခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ရီးယဲလ်အသင်းဆီ ခေါ်ယူခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရီးယဲလ်အတွက် တစ်ပွဲသာ ကစားပေးခွင့်ရခဲ့ပြီးနောက် ဘော်လ်တန်အသင်းဆီ ရောင်းချခြင်းခံလိုက်ရသူပါ။

(၅)။ ဆိုလ်ဒါဒို

ဗလင်စီယာအသင်းရဲ့ ဂိုးသွင်းသူရဲကောင်းဖြစ်ခဲ့တဲ့ ဆိုလ်ဒါဒိုကလည်း ရီးယဲလ်အကယ်ဒမီ ထွက်ပါ။ သူက ရီးယဲလ်အရန်အသင်းမှာ ခြေစွမ်းပြလွန်းတာကြောင့် အသင်းကြီးဆီ ခေါ်ယူခံရသူဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ရီးယဲလ် စီနီယာအသင်းဆီ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၆ ကနေ ၂၀၀၈ ခုနှစ်အထိ ကာလအတွင်း ရီးယဲလ်အတွက် (၁၆)ပွဲသာ ကစားပေးရပြီး (၂)ဂိုးသာ သွင်းပေးနိုင်ခဲ့ပါတယ်။ ၂၀၀၆ ဆောင်းရာသီအပြောင်းအရွှေ့မှာ အိုဆာဆူနာအသင်းဆီ အငှားချခြင်းခံခဲ့ရပြီး၊ ၂၀၀၈ မှာတော့ ဂီတာဖေး အသင်းဆီ ရောင်းချခြင်းခံလိုက်ရပါတယ်။

(၆)။ နီဂရီဒို

ဆီးဗီးလားအသင်းတိုက်စစ်မှူးတစ်ယောက်အနေနဲ့ နာမည်ကြီးခဲ့တဲ့ နီဂရီဒိုကတော့ ၂၀၀၅ ကနေ ၂၀၀၇ ခုနှစ်အထိ ရီးယဲလ်အရန်အသင်းအတွက် ကစားပေးခဲ့ဖူးပြီး (၆၅)ပွဲမှာ (၂၂)ဂိုး သွင်းပေးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ရီးယဲလ်အသင်းရဲ့ ပြန်လည်ခေါ်ယူခြင်းကိုခံခဲ့ရပေမယ့်လည်း ရီးယဲလ်အတွက် တစ်ပွဲမှ မကစားပေးခဲ့ရပဲ ကာပယ်လိုက သူ့ကို ဆီးဗီးလားအသင်းဆီ ရောင်းချလိုက်ပါတော့တယ်။

(၇)။ ကာနီဇာရက်စ်

ဗလင်စီယာအသင်းရဲ့ နာမည်ကျော်ဂိုးသမားကြီးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ကာနီဇာရက်စ်ဟာ ရီးယဲလ်အကယ်ဒမီထွက်ပါ။ သူက ၁၉၈၈ ခုနှစ်မှာ ရီးယဲလ်အသင်းဆီ ခေါ်ယူခြင်းခံခဲ့ရပေမယ့်လည်း အယ်လ်ဆီ၊ မာရီဒါအသင်းတွေဆီ အငှားချခြင်းခံခဲ့ရပြီး ၁၉၉၂ ခုနှစ်မှာ ဆယ်လ်တာဗီဂိုအသင်းဆီ ရောင်းချခြင်းခံလိုက်ရပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ ရီးယဲလ်ဟာ ကာနီဇာရက်စ်ကို ပြန်ခေါ်ယူခဲ့ပြီး ၄ နှစ်တာကာလအတွင်း (၄၁)ပွဲ ကစားခွင့်ပေးခဲ့တယ်။ နောက်ဆုံးမှာတော့ ဗလင်စီယာအသင်းဆီရောင်းချခြင်းခံလိုက်ရပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly