“ကော်မရှင်၊ မသမာမှု လုပ်မှာလား၊ မသမာမှု လုပ်မယ့်သူတွေကို လမ်းဖွင့်ပေးတာလား”

“ကော်မရှင်၊ မသမာမှု လုပ်မှာလား၊ မသမာမှု လုပ်မယ့်သူတွေကို လမ်းဖွင့်ပေးတာလား”

အားလုံး မျှော်လင့်ထားကြသလိုပါပဲ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တီထွင်ဖန်တီးထားတဲ့ “မဲဆန္ဒရှင် သက်သေခံလက်မှတ်” ထုတ်ပေးရေးမှာ ပြဿနာတွေ အများကြီး ပေါ်နေပြန်ပါပြီ။ ရန်ကုန်တိုင်းအတွင်း တစ်ချို့ ရပ်ကွက်တွေမှာ အဲဒီမဲဆန္ဒရှင် သက်သေခံလက်မှတ် လိုက်လံ ဝေငှရာမှာ လူတစ်ဦးတည်းက မဲလက်မှတ် ၂ ခု ၃ ခု ရတာမျိုး ဖြစ်ပေါ်နေပါတယ်။ တစ်ချို့ နေရာတွေမှာတော့ သက်ဆိုင်ရာ အထက်အဆင့် ကော်မရှင် အဖွဲ့ခွဲတွေကနေ အောက်ခြေ ကော်မရှင် ရုံးတွေကို မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ လိုက်ပြီး ဝေတာ မလုပ်တော့ဖို့ တားမြစ်တာတွေလည်း ရှိနေပါတယ်။ လက်ရှိ ဘာပြသနာတွေ ဖြစ်ပေါ်နေပါသလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

တကယ်တော့ မဲပေးတဲ့နေ့၊ မဲရုံမှာ မဲလာပေးသူဟာ မဲစာရင်းထဲ ပါသူ ဟုတ်မဟုတ်၊ မဲစာရင်းထဲ ပါတဲ့သူဟာလည်း မဲလာပေးသူ ဟုတ်မဟုတ် မဲရုံမှူး၊ ကော်မရှင် တာဝန်ရှိသူတွေနဲ့ အမတ်လောင်း ကိုယ်စားလှယ်တွေက စိစစ်ရပါတယ်။ စစ်ဆေးခွင့်လည်း ရှိပါတယ်။ ဒါဟာ ဥပဒေပါ ပြဌာန်းချက်ဖြစ်ပြီး အဲလို လုပ်မှလည်း မဲပေးတဲ့ လုပ်ငန်းစဉ် မှန်ကန်မှု ရှိမှာပါ။ အခု ကော်မရှင် ဥက္ကဌ ဦးတင်အေးက မဲပေးမယ့်သူတွေကို မဲပေးတဲ့နေ့ မတိုင်ခင် “ မဲဆန္ဒရှင် သက်သေခံလက်မှတ်” ဆိုတာကို ထုတ်ပေးဖို့ အစီအစဉ် လုပ်ပါတယ်။ အဲဒီ အစီအစဉ်အရ မဲပေးမယ့်သူတွေကို သက်ဆိုင်ရာ ကော်မရှင်ကပဲ စိစစ်ပြီး အထောက်အထား သက်သေခံ စာရွက် ထုတ်ပေးမယ့် သဘော ဖြစ်သွားပါတယ်။ ဒီအတွက် မဲပေးမယ့်နေ့ကျရင် မဲလာပေးသူတွေကို မဲစာရင်းထဲမှာ ပါတဲ့ အဲဒီလူ ဟုတ်မဟုတ် မဲရုံမှာ ရှိနေမယ့် မဲရုံမှူးနဲ့ အမတ်လောင်း ကိုယ်စားလှယ်တွေက စစ်ဆေးခွင့် ရှိတော့မှာမဟုတ်ပါဘူး။ သက်သေခံ လက်မှတ် ကိုင်ဆောင်လာသူတိုင်းကို မဲပေးခွင့်ပြုရတော့မယ် ဆိုတဲ့ သဘော ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဦးတင်အေး အနေနဲ့ ဥပဒေ ချိုးဖေါက်တာလားဆိုပြီး ပြင်းပြင်းထန်ထန် မေးမြန်း ဝေဖန်မှု တောင် ရှိခဲ့ပါတယ်။

အခု သက်သေခံ လက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်း စတင်ပါပြီ။ တကယ့်တကယ် ဖြစ်သင့်တာက အောက်ခြေ ကော်မရှင် အဖွဲ့ခွဲတွေဟာ နောက်ဆုံးအဆင့် မဲစာရင်း ကပ်ပေးရပါမယ်။ အခု နိုဝင်ဘာ ၃ ရက်နေ့ ရောက်သည်အထိ မြန်မာနိုင်ငံ နေရာအတော်များများမှာ မဲစာရင်း မကပ်ရသေးပါဘူး။ ဒါပေမယ့် အဲဒီ မဲစာရင်း မကပ်ရသေးတဲ့ မြို့နယ် ရပ်ကွက် အတော်များများမှာ “ မဲဆန္ဒရှင် သက်သေခံလက်မှတ်” တွေ ထုတ်ပေးနေကြပါပြီ။ နဂိုတုန်းကတော့ ဦးတင်အေးက အဲဒီ လက်မှတ်တွေကို အိမ်တိုင်ရာရောက် လိုက်ဝေပေးမှာ မဟုတ်ဘူး။ ကိုယ်စား ထုတ်ယူခွင့် မပြုဘူး။ သက်ဆိုင်ရာ ရပ်ကျေးရုံးတွေမှာ ကိုယ်တိုင် လာထုတ်ယူကြရမယ် ဆိုပြီး ကြေငြာထားခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ကြေငြာကြေငြာ၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း အမျိုးမျိုး ဖြစ်တော့တာပါပဲ။ နိုဝင်ဘာ ၂ ရက်နေ့က စ ရန်ကုနု်တိုင်း တစ်ချို့ ရပ်ကွက်တွေမှာ “ မဲဆန္ဒရှင် သက်သေခံလက်မှတ်” တွေကို လိုက်လံ ဝေငှပါတယ်။ လုပ်ပုံ လုပ်နည်းကတော့ ဒီလိုပါ။ အောက်ခြေ ကော်မရှင် အဖွဲ့ခွဲတွေဟာ မဲစာရင်းထဲ ပါတဲ့ လူမှန်သမျှ အတွက် သက်သေခံ လက်မှတ်တွေ ရေးဖြည့်၊ တာဝန်ရှိသူ လက်မှတ်ထိုးပြီး လိုက်လံ ဝေငှတာပါ။ မဲစာရင်း နံပါတ်စဉ် တစ်ခု၊ မဲလက်မှတ် တစ်ရွက်နှုန်း ပါ။ အဲဒီအတိုင်း လိုက်ဝေလိုက်တဲ့အခါ တစ်ချို့လူတစ်ယောက်အတွက် မဲလက်မှတ် (၃) ခုတောင် ရလာပါတယ်။ နှစ်ခု ရတဲ့ လူလည်း အများအပြားပါ။ ရလာတဲ့ မဲလက်မှတ်ကို စစ်ဆေးကြည့်တဲ့အခါ လူတစ်ယောက်ထဲကပဲ မတူတဲ့ မဲစာရင်း နံပတ်တွေမှာ ပါဝင်နေတာ တွေ့ကြရပါတယ်။ အဲဒါကြောင့် မဲလက်မှတ်တွေ ပိုရတာပါ။ သေခြာတာ တစ်ခုကတော့ အဲဒီ မဲလက်မှတ် သုံးစောင် ရသူကသာ အခြား မဲပေးခွင့် မရှိသူ နောက်ထပ် နှစ်ယောက်ကို လက်မှတ်တွေပေးလိုက်ရင် အဲဒီ နာမည်စာရင်းကလည်း တကယ်ပဲ မဲစာရင်း အမှတ်စဉ်ရှိပြီး မဲစာရင်းထဲ ပါနေတာမို့၊ မဲပေးတဲ့နေ့မှာ အလွယ်တကူ မဲပေးခွင့် ရသွားမှာ သေခြာပါတယ်။ မဲရုံမှာ မှတ်ပုံတင် စစ်ခွင့်မရှိတော့ ဘယ်သူမှ အဲဒီလူကို တားဆီးလို့ ရမှာ မဟုတ်ပါဘူး။

တစ်ချို့ ရပ်ကွက်တွေကတော့ မဲလက်မှတ်တွေကို ေ၀ မထားပါဘူး။ မဲစာရင်းထဲပါတဲ့ လူတိုင်းအ တွက် မဲလက်မှတ်မှာ ရေးဖြည့်ပြီး သက်ဆိုင်ရာ ကော်မရှင်ရုံးမှာပဲ ထားပါတယ်။ လိုချင်တဲ့သူက သွားယူ တော့မှသာ ရှာဖွေ ထုတ်ပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုနေတဲ့ လူတွေရဲ့ စာရင်းကလည်း ဒီ လက်မှတ် တွေမှာ အများကြီး ပါနေမှာပါပဲ။ ဒါ့အပြင် ဒီ ထုတ်ပေးမှုကို စိစစ်တာဟာ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူတွေချည်းပါ။ ဒီအတွက် တကယ် အပြင်မှာ မရှိပဲ မဲစာရင်းထဲ ပါနေတဲ့ လူတွေရဲ့ “ မဲဆန္ဒရှင် သက်သေခံလက်မှတ်” တွေ အခြား မသမာသူတွေ လက်ထဲ ရောက်သွား မသွား ဘယ်သူကမှ မပြောနိုင် ပါဘူး။

နောက်ပြသနာ တစ်ခုက လက်ရှိ ကော်မရှင်က ထုတ်ပေးနေတဲ့ “ မဲဆန္ဒရှင် သက်သေခံလက် မှတ်” ဆိုတာဟာ အလွယ်တကူ လုပ်ထားတဲ့ စာရွက်တွေပါ။ ကွန်ပျူတာ စာစီထားတဲ့ ပုံစံစာရွက် တစ်ရွက်စီကို အောက်ခြေ ကော်မရှင်ကို ဖြန့်ဖြူး၊ မိတ္တူတွေကူးပြီး အသုံးပြုကြတာမျိုးပါ။ လက်မှတ်နောက် ကျောမှာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တံဆိပ်တုံး ရိုက်ထားတာ တစ်ခုပဲပါပြီး ရှေ့မှာတော့ တာဝန်ခံ လက်မှတ်ပဲ ပါပါတယ်။ ပြောရရင် ကော်မရှင်ရဲ့ မသမာမှု မဟုတ်ရင်တောင် ဘယ်သူမဆို အတု လုပ်ရ အလွန်လွယ်ကူပါတယ်။ ကော်မရှင်အနေနဲ့ အလွန်ခိုင်မာတဲ့ နိုင်ငံသား စိစစ်ရေးကဒ်လို မှတ်ပုံတင် အစား ဒီလို အလွယ်တကူလုပ်လို့ရတဲ့ စက္ကူပိုင်းကို ဘာကြောင့် အစားထိုးချင်တာလဲဆိုတာ ဦးတင်အေးပဲ သိနိုင်မှာပါ။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း လက်ရှိအချိန်ထိ ကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းမှာ လူမရှိပဲ ပါနေတဲ့ နာမည်တွေက အများကြီးပါ။ တောင်ဥက္ကလာပ မှာဆိုရင် ရှိတဲ့လူက ၈ သောင်းဝန်းကျင်၊ ပိုနေတဲ့ လူက ၉ သောင်းဝန်းကျင်၊ အလားတူ မဲစာရင်းပိုနေတဲ့ နေရာတွေ မြန်မာနိုင်ငံ တစ်ဝှမ်း အများကြီး ရှိနေ တယ်ဆိုတာ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ထောက်ပြထားပြီးသားပါ။ အခု အဲဒီ ပိုနေတဲ့ မဲစာရင်းတွေအားလုံးအတွက် “ မဲဆန္ဒရှင် သက်သေခံလက်မှတ်” တွေ ပြင်ဆင်ထားကြပါပြီ။ ဒါတွေ အားလုံးကို ခြုံပြီး သုံးသပ်ရင် ကော်မရှင်က မဲစာရင်း ကြည့်ရတာ လွယ်အောင်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ နိုင်ငံသား စိစစ်ရေး ကဒ်နေရာမှာ အစားထိုး အသုံးပြုတဲ့ ဒီ “ မဲဆန္ဒရှင် သက်သေခံလက်မှတ်” ထုတ်ပေးရေးကိစ္စ ဆိုတာဟာ မသမာမှု လုပ်လိုသူတွေကို လမ်းဖွင့်ပေးဖို့လား၊ ဒါမှမဟုတ် ကော်မရှင် ကိုယ်တိုင် မသမာမှုလုပ်ဖို့ ကြံရွယ်သလား ဆိုတာကိုတော့ သံသယ ဖြစ်စရာ အများကြီး ရှိနေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly