အိမ်တွင်းပုန်းလေးတွေ မျက်လုံးညောင်း သက်သာစေဖို့

အိမ်တွင်းပုန်းလေးတွေ မျက်လုံးညောင်း သက်သာစေဖို့

 ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခုလို တစ်နေကုန် အိမ်တွင်းအောင်းနေရတဲ့ အချိန်မှာ အလုပ်အများဆုံးက ဖုန်းကြည့်တာပါပဲ။ သာမန်အချိန်မှာတောင် ဖုန်းကို လက်ကမချနိုင် ဖြစ်နေတာ ခုလို အချိန်မျိုးဆိုရင်တော့ ပြောစရာတောင် မလိုပါဘူး။ ဖုန်းကြည့်လိုက် ဖုန်းအားကုန်ခါနီးရင် ဖုန်းအား သွင်းပြီး တီဗွီသွားကြည့်လိုက် ဂိမ်းဆော့လိုက်နဲ့ ဇယ်ဆက်သလိုပါပဲ။ အလုပ်လည်း သွားစရာ မလိုဘူးဆိုတော့ ညဉ့်နက်တဲ့ အထိ ရုပ်ရှင်ကြည့်လို့ရပြီလေ။ ဒါတွေရဲ့ ဘေးထွက်ဆိုးကျိုးကတော့ မျက်လုံးညောင်း လာတာပါပဲ။

မျက်လုံး ဟိုဘက် ဒီဘက်ကြည့်နိုင်ဖို့ဆိုရင် သူ့ဘေးက ကြွက်သားတွေက အလုပ်လုပ်ရပါတယ်။ ကြွက်သားတွေရဲ့ ထုံးစံအရ အလုပ်လုပ်ပါ များရင် ညောင်းလာပါတယ်။ ကိုယ်က စိတ်ဝင်တစား ကြည့်နေလို့သာ မသိတာ အချိန်ကြာလာတာနဲ့အမျှ မျက်လုံးက ပင်ပန်းလာပြီး မျက်ရိုးကိုက်တာ၊ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေ ဖြစ်လာပါတယ်။ ကဲ ဒီတော့ နေ့စဉ်နဲ့အမျှ ဖုန်းသုံးကြည့်နေရတဲ့ သူတွေအတွက် မျက်လုံးညောင်းတာ သက်သာစေမယ့် နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်နော်။

မျက်လုံးညောင်းမှန်း ဘယ်လို သိမလဲ။

ဖုန်းသုံးနေရာကနေ ဒီလို လက္ခဏာတွေ ပေါ်လာပြီဆိုရင် ခဏလောက် အနားယူလိုက်ပါ။

  •     စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မျက်လုံးညောင်းတာ၊ ယားတာ
  •     မျက်ရည်တွေ ဝဲလာတာ ဒါမှမဟုတ် မျက်လုံး ခြောက်လာတာ
  •     အမြင်ဝါးလာတာ၊ နှစ်ထပ်မြင်တာ
  •     ခေါင်းကိုက်တာ၊ မျက်ရိုးကိုက်တာ
  •     ဇက်တွေ၊ ပုခုံးတွေ တောင့်လာတာ
  •     နောက်ကြောတက်လာတာ
  •     အလင်းရောင် မခံနိုင်တာ
  •     အာရုံစူးစိုက်မရတာ
  •     မျက်လုံးမဖွင့်နိုင်တော့တာ စတဲ့ လက္ခဏာတွေ ပေါ်လာရင် အနားယူသင့်နေပါပြီ။

ဘာတွေကြောင့် မျက်လုံးညောင်း နိုင်လဲ။

  •     ဖုန်း၊ တီဗွီ၊ ကွန်ပျူတာ ကြည့်တာ
  •     အနားမယူဘဲ စာအကြာကြီး ဖတ်တာ
  •     အလင်းစူးစူးထဲမှာ ဖုန်းသုံးတာ၊ စာကြည့်တာ
  •     အလင်းရောင် မှိန်မှိန်မှာ ဖုန်းသုံးတာ၊ စာကြည့်တာ (ဒါကြောင့် အိပ်ရာထဲမှာ ဖုန်းသုံးမယ်၊ စာကြည့်မယ်ဆိုရင် မီးဖွင့်ထားပါ။)
  •     နဂိုတည်းက မျက်စိနဲ့ ပတ်သတ်တဲ့ ပြဿနာ တစ်ခုခုရှိနေတာ
  •     ပင်ပန်းနေတာ
  •     မျက်လုံးကို လေခြောက်ခြောက်နဲ့ အကြာကြီးထိတွေ့မိတာ (ဥပမာ မျက်နှာ တည့်တည့်မှာ ပန်ကာဖွင့်ထားတာ၊ အဲကွန်းဖွင့်ထားတာ)

မျက်လုံးမညောင်းအောင် ဘယ်လို ကာကွယ်ကြမလဲ။

  •     အလင်းအမှောင်ကို ချိန်ပါ။

ဖုန်းကြည့်တာပဲ ဖြစ်ဖြစ်၊ တီဗွီကြည့်တာပဲ ဖြစ်ဖြစ် အလင်းရောင် လုံလုံလောက်လောက် ရမယ်ဆိုရင် မျက်လုံးက သိပ်အားမစိုက်ရတော့ပါဘူး။ စာဖတ်မယ်ဆိုလည်း မီးရောင်က စာရွက်ပေါ် ရောက်ပါစေ။ မျက်လုံးတည့်တည့်ကို မီးမထိုးပါနဲ့။ ဖုန်းနဲ့ ကွန်ပျူတာက brightnessကို သင့်တော်အောင် ချိန်ညှိထားပါ။

ကွန်ပျူတာက သုံးမယ်ဆိုရင် သင်နဲ့ လက်တစ်ဆန့် အကွာမှာ ရှိပါစေ။ Screenက မျက်လုံးနဲ့ တစ်တန်းတည်း ရှိပါစေ။ ဒါမှ ဇက်ကြောတက်တာ မဖြစ်မှာပါ။ မျက်လုံးအားမစိုက်ရအောင် ဖောင့်ဆိုဒ် ကြီးကြီးသုံးပါ။

  •     အနားယူပါ။

၂၀-၂၀-၂၀ စည်းမျဉ်းကို သုံးပါ။ ဖုန်းသုံးတာ မိနစ် ၂၀ ပြည့်တိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ခန့် ကြည့်ပေးပါ။ ဒါမှ မျက်လုံး အနားရပြီး ဆက်ကြည့်နိုင်မှာနော်။

  •     အချိန်သတ်မှတ်ပါ။

ဆက်တိုက် သုံးနေမယ့်အစား ငါတော့ ဖုန်းသုံးတာ ဘယ်လောက်ကြာရင် ဘာထလုပ်မယ်ဆိုပြီး သတ်မှတ်ထားပါ။

  •     မျက်စဉ်းခတ်ပါ။

အလွယ်တကူ ဝယ်လို့ရတဲ့ မျက်ရည်တုမျက်စဉ်းတွေက မျက်လုံးမခြောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျက်လုံးခြောက်လာရင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာရင် ခတ်ပေးပါ။ ဘယ်နှခါ ခတ်ရမယ် ဆိုတာကို သိဖို့ အညွှန်းကို ဖတ်ပါ။

  •     သင့်နားက လေထုကို ဂရုစိုက်ပါ။

ခုနက ပြောသလို မျက်နှာရှေ့ တည့်တည့်မှာ ပန်ကာဖွင့်ထားရင်၊ အဲကွန်းဖွင့်ထားရင် မျက်လုံးခြောက်တတ်ပါတယ်။ ဒါကြောင့် တည့်တည့် ဖြစ်နေရင် နေရာရွေ့ထိုင်ပါ။ အဲကွန်းခန်းထဲမှာ အကြာကြီး နေရင် အသားအရည် ခြောက်သလို မျက်လုံးလည်း ခြောက်ပါတယ်။ ရေငွေ့ထုတ်စက်  (humidifier) ဖွင့်ထားပါ။

  •     ကိုယ်နဲ့ ကိုက်ညီတဲ့ မျက်မှန်တပ်ပါ။

တစ်ခါတစ်လေ မျက်မှန်ပါဝါ မကိုက်ရင် မျက်လုံးက ရှင်းရှင်းလင်းလလင်း မြင်ရဖို့ ပိုပြီး အားစိုက်ရပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီနဲ့ မျက်မှန်ကို တပ်ပါ။ လိုအပ်ရင် ပါဝါပြန်ချိန်ပါ။
မျက်လုံးညောင်း သက်သာစေဖို့ အကောင်းဆုံး နည်းလမ်းများ

မျက်လုံးညောင်းပြီလို့ ခံစားရတာနဲ့

  •     လုပ်လက်စကို ခဏရပ်ပြီး အနားယူပါ။ (၂၀-၂၀-၂၀ စည်းမျဉ်း)
  •     မျက်လုံးကို နှိပ်နယ်ပါ။

လက်ဖဝါး နှစ်ဖက်ကို ပွတ်ပြီး နွေးလာတဲ့ အခါ မှိတ်ထားတဲ့ မျက်လုံးပေါ်ကို လက်ဖနှောင့်နဲ့ စက္ကန့် ၃၀လောက် ခပ်ဖွဖွ ဖိထားပါ။ ပြီးရင် မျက်လုံး ပြန်ဖွင့်ပါ။ ဒါမျိုး ၃ကြိမ်ကနေ ၅ကြိမ် လုပ်နိုင်ပါတယ်။

  •     သခွားသီးကပ်ပါ။

သခွားသီးကို ရေခဲသေတ္တာထဲမှာ အေးနေအောင် ထားပြီး ပါးပါးလှီးပါ။ ပြီးရင် ညောင်းညာနေတဲ့ မျက်လုံးပေါ် သခွားသီး အေးအေးလေး ကပ်ပြီး အနားယူလိုက်ပါ။ သခွားသီး မရှိတဲ့အခါ စတီးဇွန်းနဲ့လည်း ကပ်လို့ရပါတယ်။

မျက်လုံးညောင်းတာက ဘာမှ ဆိုးဆိုးဝါးဝါး နောက်ဆက်တွဲ မဖြစ်စေပါဘူး။ ဒါပေမယ့် ကြည့်ရတာ မကောင်းတဲ့ အတွက် အာရုံစူးစိုက်လို့ မရတော့ဘူးလေ။ ဒီတော့ စိတ်ရှုပ်ရတာပေါ့။ ခုတော့ အပေါ်က နည်းလမ်းတွေ သုံးပြီး ကောင်းကောင်းအနားယူလိုက်ရင် မျက်လုံးညောင်းတာ မြန်မြန်သက်သာသွားမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly