နံပါတ်ပြားပြောင်းပြီး ကားမောင်းလို့ အသင်းကနေထုတ်ခံရတဲ့ တရုတ်ကစားသမား

နံပါတ်ပြားပြောင်းပြီး ကားမောင်းလို့ အသင်းကနေထုတ်ခံရတဲ့ တရုတ်ကစားသမား

တရုတ်စူပါလိဂ်ရဲ့နာမည်ကြီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂွမ်ဇူး အဲဗာဂရန်ဒီအသင်းကတော့ သူတို့ရဲ့ တောင်ပံကစားသမားဖြစ်တဲ့ ယု ဟန်ချို ကို အံ့အားသင့်ဖွယ်အကြောင်းရင်းတစ်ရပ်နဲ့ အသင်းကနေ ထုတ်ပယ်လိုက်ပါတယ်။

အဲဒါကတော့ ယုဟာ သူ့ရဲ့ကားနံပါတ်ပြားကို ပြောင်းလဲပြီး မောင်းနှင်ဖို့ ကြိုးစားခဲ့တာကြောင့်ပဲဖြစ်ပြီး သူ့ရဲ့ E နဲ့ စတဲ့ ကားနံပါတ်ကို F အဖြစ် ပြောင်းလဲနေတာကို ဗီဒီယို တစ်ခုထဲမှာ မြင်နေရတာပါ။

တရုတ်နိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးသမားတစ်ယောက်လည်းဖြစ်တဲ့ ယုဟာ သူ့ရဲ့ မာစီဒီးစ်ကားနံပါတ်ကို အရောင်ခြယ်တဲ့ မှင်တံတစ်ခုနဲ့ ပြောင်းလဲနေတာကို ဗီဒီယိုထဲမှာ မြင်ခဲ့ရပြီး ဂွမ်ဇူးရဲတပ်ဖွဲ့က သူ့ရဲ့မိခင်ကလပ်အသင်းဆီ ဒီအကြောင်းကို အသိပေးခဲ့တာပါ။

ကလပ်အသင်းဖက်က တုန့်ပြန်ချက်ကတော့ အံ့အားသင့်စရာကောင်းပါတယ်။ ယုရဲ့ ပြစ်မှုဟာ ဒဏ်ငွေဆောင်ရရုံ ပြစ်မှုလေးဆိုပေမယ့် ဂွမ်ဇူးအသင်းက သူတို့ရဲ့ ကစားသမားကို အသင်းကနေ ထုတ်ပယ်ပစ်လိုက်တာပါ။ အကြောင်းရင်းကတော့ ဂွမ်ဇူးအသင်းနဲ့ ကစားသမားတွေရဲ့ စာချုပ်ထဲမှာ နိုင်ငံတွင်း ချမှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်ရင် အသင်းကနေ ထုတ်ပယ်ခံရမယ်ဆိုတာ ပါရှိတာကြောင့်ပါပဲ။

အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူဟာ ဒဏ်ငွေအဖြစ် တရုတ်ယွမ် ၅,၀၀၀ နဲ့ သူ့ရဲ့ယာဉ်မောင်းလိုင်စင်မှာ (၁၂)မှတ် အလျော့ခံရမယ့် ပြစ်ဒဏ်မျိုးကိုသာ ရင်ဆိုင်ရမှာဖြစ်ပေမယ့်လည်း မထင်မှတ်တဲ့ မရိုးသားမှုလေး တစ်ခုကြောင့် သူ့ရဲ့ အလုပ်ကိုသာ ဆုံးရှုံးလိုက်ရပါပြီ။

ဂွမ်ဇူးပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ပြောဆိုမှုအရတော့ ဒေသခံမဟုတ်တဲ့ ကားတွေဟာ ပြည်နယ်တွင်းမှာ မောင်းနှင်ဖို့ အချိန် ၄ ရက်ပဲ ရပြီး အဲဒီထက် ပိုမိုမောင်းနှင်ချင်တယ်ဆိုရင်တော့ ၄ ရက်ပြည့်တိုင်း သွားရောက်သက်တမ်းတိုးဖို့ လိုအပ်တာပါ။

ယုရဲ့ မာစီဒီးစ်ကားဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ လီယိုနင်းမြို့ရဲ့ လိုင်စင်နံပတ်ပြားဖြစ်နေတာကြောင့် ယု တစ်ယောက် လမ်းတစ်လျှောက် စစ်ဆေးတာကို ကျော်ဖြတ်နိုင်ဖို့ အခုလို ပြုလုပ်ခဲ့တာပါ။

ဂွမ်ဇူးအသင်းဆီ ၂၀၁၄ခုနှစ်ကတည်းက ရောက်ရှိခဲ့ပြီး နှစ်များစွာ ကစားပေးခဲ့တဲ့ ယုအပေါ် အသင်းရဲ့ တုန့်ပြန်မှုက မတရားဘူးလို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။ ဒါ့အပြင် ယုဟာ တရုတ်လက်ရွေးစင်အသင်းအတွက်လည်း ၅၉ ပွဲအထိ ကစားပေးခဲ့တာကြောင့် ဒီဆုံးဖြတ်ချက်ဟာ အသင်းအနေနဲ့ ရက်စက်လွန်းတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly