COVID-19 လူနာများကို သွေးရည်ကြည်ကုထုံးဖြင့် အချိန် ၃ ရက်မှ ၇ ရက်အတွင်း ကုသပေးနိုင်ဟု အိန္ဒိယ ဆရာဝန်တစ်ဦး ပြော

COVID-19 လူနာများကို သွေးရည်ကြည်ကုထုံးဖြင့် အချိန် ၃ ရက်မှ ၇ ရက်အတွင်း ကုသပေးနိုင်ဟု အိန္ဒိယ ဆရာဝန်တစ်ဦး ပြော

ဧပြီ ၁၄

COVID-19 ရောဂါအတွက် ရည်ရွယ်အဆိုပြုထားသည့် သွေးရည်ကြည်ကုထုံး (blood plasma therapy) က လူနာများကို အချိန် ၃ ရက်မှ ၇ ရက်အတွင်း သက်သာကောင်းမွန်အောင် ကုသပေးနိုင်ကြောင်း အိန္ဒိယနိုင်ငံ Kerala ပြည်နယ် Trivandrum မြို့ရှိ ဆေးသိပ္ပံနှင့် နည်းပညာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Sree Chitra Tirunal Institute for Medical Sciences and Technology မှ သွေးသွင်းခြင်း ဆေးပညာရပ် ဌာန အကြီးအကဲ ပါမောက္ခ Dr Debasish Gupta က ပြောသည်။ အလှူရှင်တစ်ဦးထံမှ သွေးရည်ကြည်ကို အသုံးပြုပြီး လူနာ နှစ်ဦးကနေ ငါးဦးအထိကို ကုသပေးနိုင်ကြောင်း သိရသည်။ ယခုအခါ အလှူရှင် ဂိုက်လိုင်းလမ်းညွန်ချက်များ ဆိုင်ရာ ဖြေလျှော့မှုတစ်ရပ် အာဏာပိုင်များထံကနေ ခွင့်ပြုပေးမှုကို ဆရာဝန်များ စောင့်ဆိုင်းလျက် ရှိကြောင်း ၎င်းက The New Indian Express နှင့် အင်တာဗျူးတစ်ခုတွင် ပြောသွားသည်။

မေး။ သွေးရည်ကြည် ကုထုံးဆိုတာ ဘာလဲ၊ အဲဒါကို ဘယ်လိုလုပ်ရတာလဲ။

ဖြေ။ လူတစ်ယောက် ဗိုင်းရပ်စ် ဒါမှမဟုတ် ဘတ်တီးရီးယား တစ်မျိုးမျိုး ကူးစက်ခံရတဲ့အချိန်တိုင်းမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် (immune system) က antibody လို့ ခေါ်တဲ့ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်းတစ်ခုကို ဖြစ်ပေါ်အောင် ထုတ်ပေးပါတယ်။ ဒီ ပဋိပစ္စည်းတွေဟာ အဆိုပါ သီးသန့် အဏုဇီဝရုပ် (microorganism) ကို ဆန့်ကျင်တိုက်ထုတ်နိုင်မယ့် ရာသက်ပန် ကိုယ်ခံအားစနစ်တစ်ခု ဒါမှမဟုတ် ရေတို ကိုယ်ခံအားစနစ်တစ်ခုကို ပေးပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်လည်သက်သာကောင်းမွန်လာတဲ့ လူနာတွေဟာ ဒီလိုမျိုး ပဋိပစ္စည်းတွေ ထုတ်ပေးပါတယ်။ အဲဒီ ပဋိပစ္စည်းတွေကတော့ ရေတို ကာကွယ်တဲ့ သွေးရည်ကြည်ကာကွယ်ဆေးထိုးခြင်း (passive immunization) အတွက် အသုံးပြုလို့ ရပါတယ်။

ဒီတော့ လူနာတစ်ယောက် ပြန်သက်သာလာတဲ့အချိန်မှာ သူ ဒါမှမဟုတ် သူမမှာ ပဋိပစ္စည်း (antibodies) တွေ ရှိလာပါလိမ့်မယ်။ အဲဒီအချိန်မှာ လူနာရဲ့ သွေးထဲမှာ ဗိုင်းရပ်စ် ရှိမနေတော့ပါဘူး။ ဒီလူနာက ခုချိန်မှာ သွေးကြည်ရည် အလှူရှင်တစ်ဦးအဖြစ် ဆောင်ရွက်နိုင်ပါပြီ။ ဒီတော့ သူ ဒါမှမဟုတ် သူမ သွေးလှူတဲ့အချိန်မှာ သွေးရည်ကြည်ကိုပဲ ယူပြီး ကျန်တဲ့သွေးကို ခန္ဓာကိုယ်ထဲ ပြန်သွင်းပါတယ်။ ခင်ဗျားအနေနဲ့ လူတစ်ဦးဆီကနေ သွေးရည်ကြည် ၅၀၀ မီလီလီတာကနေ တစ်လီတာအထိ ယူလို့ရနိုင်ပါတယ်။ သွေးဥမွှား၊ သွေးနီဥ စတဲ့ သွေးအစိတ်အပိုင်းတွေ အားလုံးပါဝင်တဲ့ သွေး (whole blood) ဆိုရင်တော့ အတိုင်းအတာအရဆိုရင် ခင်ဗျားအနေနဲ့ အလှူရှင်ဆီကနေ ၃၅၀ မီလီလီတာဝန်းကျင်ပဲ ယူလို့ရနိုင်ပါတယ်။

အဲဒီနောက်မှာတော့ ဒီ ပဋိပစ္စည်း ကြွယ်ဝတဲ့ သွေးရည်ကြည်ကို ဗိုင်းရပ်စ်ကူးစက်ခံလူနာထဲ သွင်းပေးရပါတယ်။ သွင်းလိုက်တဲ့ သွေးရည်ကြည်ထဲမှာ ရှိနေတဲ့ ပဋိပစ္စည်းဟာ ဗိုင်းရပ်စ်ကို တိုက်ထုတ်မှာ ဖြစ်ပြီး လူနာကို ပျောက်ကင်းအောင် ကုသပါတယ်။ ဒါကိုတော့ passive immunization လို့ ခေါ်ပါတယ်။

ဒါပေမယ့်လည်း သွေးရည်ကြည် စုဆောင်းမှုမှာ အခက်အခဲအနည်းငယ်တော့ ရှိပါတယ်။ ကျန်းမာသန်စွမ်းတဲ့ volunteer (သဘောဆန္ဒအလျောက်လုပ်ဆောင်တဲ့) သွေးလှူရှင်တွေဆီက သွေးနဲ့ သွေးရည်ကြည် စုဆောင်းမှုအတွက် နိုင်ငံမှာ ချမှတ်ထားတဲ့ ဂိုက်လိုင်းအနည်းငယ် ရှိပါတယ်။ သွေးဘဏ်တွေအားလုံးကလည်း အဲဒီ သွေးလှူရှင်တွေကို နောက်ကြောင်းလိုက်ဖို့ လိုပါတယ်။ အလှူရှင် ရွေးချယ်မှု ဆိုင်ရာ ဒီဂိုက်လိုင်းတွေကို လိုက်နာရမယ်ဆိုရင်တော့ ပြန်လည်သက်သာလာတဲ့ လူနာတွေဟာ လှူခွင့် ရှိမှာမဟုတ်တော့ပါဘူး။ ဒီ ဂိုက်လိုင်းတွေကိုတော့ ကျန်းမာရေးနဲ့ မိသားစု ဘဝဖူလုံရေး ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ အဖွဲ့အစည်းသုံးခုက ချမှတ်ထားတာဖြစ်ပါတယ်။

 သူတို့ထဲက တစ်ခုကတော့ CDSCO (Central Drug Standards Control Orgainzation) အတိုပြောရရင် အိန္ဒိယ ဆေးဝါး ထိန်းသိမ်းကြီးကြပ်ရေးဌာနပေါ့၊ အဲဒီအောက်မှာ ပြည်နယ် ဆေးဝါး ထိန်းသိမ်းကြီးကြပ်ရေး အဖွဲ့က သွေးဘဏ်တွေကို လိုင်စင်တွေ ထုတ်ပေးပါတယ်။ ဂိုက်လိုင်းတွေကို ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ညွန်ကြားရေးမှူးချုပ် (DGHS) ကလည်း ဖော်ဆောင်ချမှတ်ပါတယ်။ နောက်ပြီး ခင်ဗျားတို့မှာ အမျိုးသား သွေးသွင်းကောင်စီ ဆိုတာလည်း ရှိပါသေးတယ်။

ရောဂါကုသထားတဲ့ လူနာတွေဆီက သွေးကို ယူဖို့အတွက် ကျွန်တော်တို့အနေနဲ့ အလှူရှင် စုဆောင်းခြင်း စံသတ်မှတ်ချက် အပိုင်းကဏ္ဍတချို့မှာ ဖြေလျှော့မှုတွေကို လိုအပ်ပါတယ်။ ဥပမာအားဖြင့် မကြာခင်ကာလအတွင်း ဖျားနာခြင်းရှိမရှိ ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ ရှိမရှိ ၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှု ရှိမရှိ နဲ့ ခရီးသွားရာဇဝင် စတာတွေ ဖြစ်ပါတယ်။ သာမန် ဖြစ်စဉ်တစ်ခုမှာတော့ ဒီအချက်တွေအနက်က တစ်ခုနဲ့ ငြိစွမ်းနေတဲ့သူဟာ လှူဒါန်းခွင့် ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ ဒီ စံနှုန်းလေးခုကို လျှော့ပေါ့ဖို့ လိုနေပါတယ်။

ကျန်တဲ့ စံနှုန်းတွေကိုတော့ အလှူရှင်က ဆက်လက် ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ သွေးရည်ကြည် လှူပြီးတာနဲ့ သွေးဘဏ်အနေနဲ့ ဒါကို ကိုဗစ်-၁၉ လူနာတွေအတွက်ပဲ အထူးသီးသန့် အသုံးပြုသင့်ပါတယ်။ တခြားသူတွေအတွက် မသုံးသင့်ပါဘူး။ ဒါကို ပုံမှန် သွေးရည်ကြည် အစုအဖွဲ့တွေနဲ့လည်း သီးခြားစီ ခွဲထားသင့်ပါတယ်။ ကိုဗစ်-၁၉ လူနာအတွက် အသုံးမပြုဘူးဆိုရင်တော့ ဒါကို သက်သက် ဖယ်ထားသင့်ပါတယ်။ အာဏာပိုင်တွေဘက်က ခွင့်ပြုချက်ပေးတာနဲ့ ကျွန်တော်တို့ အဲဒီလို သွေးရည်ကြည်တွေကို စတင် စုဆောင်းသွားမှာဖြစ်ပါတယ်။

မေး။ ရောဂါသက်သာလာတဲ့ လူနာတစ်ဦးဆီကနေ ရတဲ့ သွေးရည်ကြည်ကို အသုံးပြုပြီး လူနာ ဘယ်နှစ်ယောက်လောက်ကိုများ ကုသပေးနိုင်သလဲ။

ဖြေ။ အလှူရှင်တစ်ဦးဆီကနေ ကျွန်တော်တို့ စုဆောင်းရရှိတဲ့ သွေးရည်ကြည် ပမာဏအပေါ် မူတည်ပြီး ကျွန်တော်တို့အနေနဲ့ အနည်းဆုံး လူနာ နှစ်ဦးကနေ အများဆုံး ငါးဦးအထိ အသက်ကယ်ပေးနိုင်ပါတယ်။ လူနာတစ်ဦးကို ကုသဖို့အတွက် ၂၀၀ မီလီနဲ့ ၂၅၀ မီလီအကြားလောက် လိုပါတယ်။ အဲဒီလို ဖြစ်စဉ်တွေမှာ ပြန်လည်သက်သာကောင်းမွန်မှုက လျင်မြန်ပါတယ်။ အမေရိကန်နဲ့ တရုတ်မှာ မြင်ခဲ့ရတဲ့အတိုင်း လေ့လာချက်တွေအပေါ် အခြေခံပြီး ပြောရရင် အနိမ့်ဆုံး ပြန်လည်သက်သာမယ့် ကာလက သုံးရက်ဖြစ်ပြီး အများဆုံးကတော့ ခုနစ်ရက်ဖြစ်ပါတယ်။

မေး။  အတည်ပြုချက် (ခွင့်ပြုချက်) နဲ့ပတ်သက်လို့ လက်ရှိအခြေအနေ ဘယ်လိုရှိလဲ၊

ဖြေ။  အတည်ပြုချက် ရဖို့ ကျွန်တော်တို့ စောင့်နေပါတယ်။ ဒီ သီးသန့်ကဏ္ဍအတွက် လိုအပ်တဲ့ ဖြေလျှော့မှုတွေ ဖြစ်လာစေမယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို ပြည်နယ်ကျန်းမာရေးဌာနကလည်း စုပေါင်းဆောင်ရွက်တဲ့နည်းနဲ့ ချမှတ်နိုင်ပါတယ်။ ဒါမှလည်း ကာရယ်လာပြည်နယ်က သွေးဘဏ်တွေအားလုံး အလားတူအတိုင်း လုပ်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးဌာနကလည်း ကော်မတီတစ်ခု ဖွဲ့ထားပါတယ်။ အဲဒီကော်မတီမှာ Kozhikode မြို့က ဒေါက်တာ Anup နဲ့ ကျွန်တော်က အဖွဲ့ဝင်တွေဖြစ်ပါတယ်။ အဆိုပြုချက်တစ်ရပ် ထုတ်ဖော်ပြီး မကြာသေးမီကမှ အစိုးရဆီ တင်ထားခဲ့ပါတယ်။ ခွင့်ပြုမိန့် ကျဖို့ စောင့်နေပါတယ်။ ပြည်နယ် ဆေးဝါး အာဏာပိုင်အဖွဲ့ကလည်း ဗဟိုအစိုးရနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး ကူညီနိုင်ပါတယ်။ ဒါကတော့ အလွယ်ဆုံးလမ်းပါ။

မေး။ အလှူရှင်လူနာတွေကို ကျွန်တော်တို့ ချိန်ရွယ် အာရုံစူးစိုက်ထားလို့ရနေပြီလား။

ဖြေ။ ပထမဦးဆုံး ကိစ္စကတော့ ခွင့်ပြုချက် ရဖို့ စောင့်ဆိုင်းနေရတာပါ။ နောက်ထပ် သိသာတဲ့အချက်တစ်ခုကတော့ ဒုတိယအဆင့်ရဲ့ ပထမဆုံးဖြစ်စဉ်ကို မတ်လ ၈ ရက်မှာ ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ကုသမှုခံယူထားပြီး ပျောက်ကင်းထားတဲ့ လူတစ်ယောက်အနေနဲ့ သွေးရည်ကြည် မစုဆောင်းနိုင်ခင် လိုအပ်တဲ့ အနိမ့်ဆုံးအချိန်ကွာဟမှု ၂၈ ရက်ကို ပြည့်မြောက်ထားသင့်ပါတယ်။

နောက်ပြီး လုံးဝ သက်သာပျောက်ကင်းပြီး သတ်မှတ် quarantine (သီးခြားနေထိုင်မှု) ကာလ ပြည့်မြောက်ထားပြီးဖြစ်တဲ့ လူနာစာရင်းကိုလည်း ကျွန်တော်တို့ ရနိုင်ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ဟာ ပြန်ကောင်းလာတဲ့လူနာတွေနဲ့ချိတ်ဆက်ပြီး သူတို့ သွေးရည်ကြည်လှူလို့ သင့်တော်တယ်လို့ သိရရင်တော့ သူတို့ကို လှူဖို့ ကျွန်တော်တို့ အကြံပြုတိုက်တွန်းရပါမယ်။ အဲဒီနောက် စုဆောင်းရရှိမယ့် သွေးရည်ကြည်ကို ကိုဗစ်-၁၉ ကုသမှုဆေးရုံဆေးခန်းတွေကို ဖြန့်ဝေပေးပါမယ်။

မေး။ အဲဒီလို ကုထုံးကို လက်ခံကုသမှုခံယူဖို့ သင့်တော်တဲ့ လူနာတွေအတွက်ရော စံသတ်မှတ်ချက်တွေ ရှိပါသလား။

ဖြေ။ ကုထုံးကို လက်ခံကုသမှုခံယူမယ့်သူအတွက်လည်း ဂိုက်လိုင်းတွေ ရှိပါတယ်။ ယေဘုယျအားဖြင့်တော့ အဲဒီလူတွေဟာ ပြင်းထန်တဲ့ ဗိုင်းရပ်စ်ကူးစက်မှုဒဏ် ခံနေရတဲ့သူ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှု ဝေဒနာတွေခံစားနေရသူတွေဖြစ်ပါတယ်။

မေး။ ခွင့်ပြုမိန့် ရတာနဲ့ ကျွန်တော်တို့ ဒီ ကုသမှုကို ဘယ်လောက်မြန်မြန် စလို့ ရနိုင်မလဲ။
ဖြေ။ ခွင့်ပြုမိန့် ရလျင်ရချင်းပဲ ကျွန်တော်တို့ ဒီကုသမှုကို ချက်ချင်း စလို့ရနိုင်ပါတယ်။ တကယ်ဆိုရင် ဒီနေ့ရရင် နောက်နေ့ကနေစလို့ ရနိုင်ပါတယ်။ အလှူရှင် ရှာပြီးရွေးထုတ်တာက ပြဿနာတစ်ခုမဟုတ်ပါဘူး။ ပြည်နယ် ကျန်းမာရေးဌာနဆီမှာ ကုသလို့ ပျောက်ထားပြီးသား လူစာရင်း ရှိပြီးသားပါ။ ဒီတော့ လုပ်ဖို့လိုတာကတော့ ကျွန်တော်တို့ရဲ့ လူမှုဆိုင်ရာ လုပ်သားတွေက သူတို့ကို ချဉ်းကပ်ဖို့ပါပဲ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly