၁၂ခွေမြောက် တစ်ကိုယ်တော် အခွေထွက်ရှိမည့် အပြင် မန္တလေး နှင့် ရန်ကုန်တွင် တစ်ကိုယ်တော် ရှိုးပွဲများ ကျင်းပမည့် အကယ်ဒမီ စိုးသူ

၁၂ခွေမြောက် တစ်ကိုယ်တော် အခွေထွက်ရှိမည့် အပြင် မန္တလေး နှင့် ရန်ကုန်တွင် တစ်ကိုယ်တော် ရှိုးပွဲများ ကျင်းပမည့် အကယ်ဒမီ စိုးသူ

ရန်ကုန်၊ နိုဝင်ဘာ ၃ ။ ။ သရုပ်ဆောင် အဆိုတော် အကယ်ဒမီ စိုးသူသည် ၎င်း၏ ၁၂ခွေမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်သစ်ကို နိုဝင်ဘာလ ၂၈ရက်တွင် ဖြန့်ချိမည်ဖြစ်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုလည်း မန္တလေး နှင့် ရန်ကုန်တွင် ကျင်းပမည်ဖြစ်သည်။

အမြတ်နိုးဆုံးမင်းအကြောင်းလေးဟု အမည်ပေးထားသည့် အကယ်ဒမီ စိုးသူ၏ ၁၂ခွေမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိမည့်အကြောင်း စာနယ်ဇင်းများအား မိတ်ဆက်ပေးသည့် အခမ်းအနားကို နိုဝင်ဘာ ၃ရက်တွင် ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့သည်။

တေးအယ်လ်ဘမ်၏ အမည်သည် သီချင်း နှစ်ပုဒ်၏ နာမည်ကို ပေါင်းစပ်ပြီး ပေးထားခြင်း ဖြစ်သည်။ တေးရေးများအဖြစ် ဒဲရက်(ခ်)မင်(လ်)လာ၊ တင်မောင်နီ(ခ) ဖာရွတ်၊ စောခူဆဲလ်၊ နောင်နောင် (S.F) ၊ စကိုင်း(ရို့(စ်)ဘားမား)၊ ဖိုးကာ၊ ရယ်ဂျီ၊ လင်းနစ်၊ အောင်ကိုမြင့်၊ ရော်နယ်လ်၊ သော်ကြီး၊ ကလုန်း(န်)၊ နေထိုက်စိုး၊ စိုးသူတို့ပဲ ဖြစ်သည်။ 

ထိုအယ်ဘမ်ကို ၂၀၁၃ ခုနှစ်က စတင်ပြီး စီစဉ်ခဲ့ခြင်း ဖြစ်ကာ တေးသီချင်း ၁၄ပုဒ် ပါဝင်မည် ဖြစ်ပြီး ၎င်း၏ Music Band ဖြစ်သည့် Majesta Music Band ဖြင့် တီးခတ်ထားခြင်းဖြစ်ကာ PRO Music Studio တွင် အသံသွင်းထားသည်။

တေးအယ်ဘမ်ထဲမှ တေးသီချင်း ၁၂ပုဒ်ကို နိုဝင်ဘာ ၁၄ရက်တွင် www.s-tentertainment.com မှ ၄ပုဒ်စီ ခွဲကာ ရောင်းချပေးမည် ဖြစ်ပြီး နိုဝင်ဘာ ၁၄ရက် နံနက် ၅နာရီတွင် စတင်ရောင်းချမည့် သီချင်း ၄ပုဒ်ကို ပထမဆုံး Download လုပ်ပြီး ဝယ်ယူသူအား အဆိုတော် စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ၅ထောင်တန် လက်မှတ်ကို ပေးသွားမည် ဖြစ်သည်။

အကယ်ဒမီ စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာ ၃၀ရက်တွင် မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်း၌ ကျင်းပမည် ဖြစ်ပြီး လက်မှတ်များကို တစ်သောင်း၊ နှစ်သောင်း၊ ငါးသောင်း၊ ရှစ်သောင်း၊ တစ်သိန်းအထိ သတ်မှတ်ပြီး ရောင်းချပေးမည် ဖြစ်သည်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မန္တလေးမြို့ အပြင် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ၌ ထပ်မံ ကျင်းပသွားမည် ဖြစ်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲများကို တစ်နေရာ နှင့် တစ်နေရာ ကျင်းပပုံ မတူညီအောင် တင်ဆက်သွားမည်ဟုဆိုသည်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ရုပ်သံလိုင်းတွင် ထုတ်လွှင့် ပြသရန်လည်း ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags