ကျေနပ်တဲ့ စျေးနှုန်းရတဲ့အတွက် ကြံ့ခိုင်ရေးအတွက် ဖျော်ဖြေပေးခဲ့ဟု ဇာဇာထက်၊ ဇွန်သဥ္ဇာပြော

ကျေနပ်တဲ့ စျေးနှုန်းရတဲ့အတွက် ကြံ့ခိုင်ရေးအတွက် ဖျော်ဖြေပေးခဲ့ဟု ဇာဇာထက်၊ ဇွန်သဥ္ဇာပြော

Sexy Model အဖြစ် လူသိများနေသည့် သရုပ်ဆောင်၊ အဆိုတော်နှင့် မော်ဒယ် ဇာဇာထက်၊ ဇွန်သဉ္ဇာတို့သည် ရခိုင် ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်ဖျော်ဖြေပွဲကို နိုင်ငံရေး ခံယူချက်ကြောင့် ဖျော်ဖြေခဲ့ခြင်းမဟုတ်ဘဲ အနုပညာတစ်ရပ်အဖြစ်သာ ဖျော်ဖြေခဲ့ခြင်းဟု မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၁ရက်နှင့် ၂ရက်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ် စည်းရုံးဖျော်ဖြေပွဲ ယင်းတို့၏ ဖျော်ဖြေမှုနှင့် ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ဝေဖန်မှုများနှင့် ပတ်သက်ပြီး မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဇာဇာထက်နှင့် ဇွန်သဉ္ဇာတို့က နိုင်ငံရေးကြောင့် အနုပညာရှင် ဖြစ်သည့်အတွက် မည်သည့်ပါတီက ငှားငှား ဖျော်ဖြေသွားမည်ဟု ဆိုသည်။

"ညီမတို့ကို အဲ့ဒီရက်လေးမှာ ဖျော်ဖြေပေးဖို့ အနုပညာကြေး ဘယ်လိုပေးရမလဲဆိုပြီး ရိုရိုသေသေနဲ့ လာငှားတဲ့ အတွက် ဇာဇာတို့ ဆိုဖြစ်တယ်။ သူတို့သည်လည်း ဇာဇာ တို့ကို မဲဆွယ်ခိုင်းတဲ့ သီချင်းလည်း ဆိုခိုင်းတာ မဟုတ်ဘူး။ မဲထည့်ဖို့ စည်းရုံးရေးစာလည်း တစ်လုံးမှ မပြော ခိုင်းပါဘူး။ ကိုယ်တွေ ကတော့ အနုပညာ ဝမ်းစာအတွက် ဘယ်သူပဲ ငှားငှား ဆိုမှာပဲ။ NLD ငှားလဲ ဆိုမယ် ကြံ့ခိုင်ရေး ငှားလည်း ဆိုမယ် ဒါ ဇာဇာတို့ ပရိသတ်တွေလို့ပဲ ခံယူထားတယ်။ ရန်သူ မိတ်ဆွေ မခွဲခြားဘူးဆိုမှာပဲ ဇာဇာတို့ ကျေနပ်တဲ့ ဈေးနှုန်းရတယ် ဇာဇာတို့ကို ငှားရင် ဆိုမှာပဲ အစွဲမရှိပါဘူး။ ကျောက်ဖြူက ပရိသတ်တွေ အားလုံး သိတယ် မဲဆွယ်တဲ့ စကား တစ်ခွန်းမှ မပြောဘူး သူတို့သည်လည်း ဇာဇာတို့ကို ရိုင်းစိုင်းစွာ တစ်ခွန်းမှ မပြောပါဘူး။ ယဉ်ယဉ်ကျေးကျေးပဲ ကြည့်ပြီး ပြန်သွားကြတာပါ" ဟု ဇာဇာထက်က ပြောသည်။

ဇွန်သဉ္ဇာကလည်း " ဇွန် တို့ကို သူတို့ပွဲလေးမှာ လာပြီး ဆိုပေးဖို့ လာငှားတဲ့ အတွက် အနုပညာကြေးရတဲ့ အတွက် သွားပြီး ဖျော်ဖြေ ပေးတဲ့ သဘောပါပဲ။ ပါတီ စည်းရုံးရေး ဆိုပြီး အဲပါတီ အပေါ် ရပ်တည်တာ မျိုးတော့ မရှိပါဘူး။ ဘယ်ပါတီမှလည်း အစွဲ မရှိပါဘူး လာငှားလို့ ရှိရင်တော့ အနုပညာရှင် ဆိုတဲ့အတွက် ဖျော်ဖြေ ပေးတဲ့ သဘောပါပဲ။ ကိုယ့်ရဲ့ သီချင်းတွေ မြူးမြူးကြွကြွ အကလေးတွေနဲ့ ဖျော်ဖြေ ပေးခဲ့တာပါ။ ပါတီ စည်းရုံးရေးတို့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ဘာမှ မလုပ်ခဲ့ပါဘူး" ဟု ပြောသည်။

ကြံ့ခိုင်ရေး ပါတီ၏ မဲဆွယ် စည်းရုံး ဖျော်ဖြေပွဲအပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး အနုပညာရှင် ဖြစ်သည့် အတွက် ဝေဖန်မှုရှိမှာ ဖြစ်သလို ထိုသို့ ဖြစ်နေရသည်မှာလည်း မထူးဆန်း တော့သလို ယခုလို နိုင်ငံရေးနှင့် သက်ဆိုင်သည့် အတွက် ပို၍ ဝေဖန်ခံရခြင်းဖြစ်ကြောင်း နှစ်ဦးလုံးက ပြောသည်။

ဇာဇာထက် မှ " ကိုယ့်ကိုကိုယ်တော့ ကျေနပ်မိတယ် ကျွန်မ အောင်မြင်တယ်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့လုပ်တာကို လူတွေက စိတ်ဝင်စားတယ်။ အဲဒီ ပေါ်မှာ ပုံကြီးချဲ့ပြီး ဝေဖန် တာတော့ နည်းနည်းတော့ ခံစားရတယ်။ ကိုယ့်လောကကလူတွေက ပိုပြီး နှိပ်ကွပ်တာ များတယ်။ ကိုယ့်ကိုကိုယ်လည်း ပုံမှန် ပွဲ တစ်ခုမှာ ဖျော်ဖြေတဲ့ အတိုင်းပဲ အရမ်းကြီး ဖော်တာမျိုးလည်း မဟုတ်ပဲနဲ့ အသင့်အတင့်လောက် ဝတ်ပြီး ဆိုလိုက်တာပါ" ဟု ဆိုသည်။

ထိုဖျော်ဖြေမှုအတွက် အဆိုပါ မဲဆန္ဒနယ် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း၏ ငှားရမ်းမှုဖြင့် သွားရောက် ဖျော်ဖြေခြင်း ဖြစ်သလို ဇာဇာထက်နှင့် ဇွန်သဉ္ဇာတို့ နှစ်ဦးအပြင် တခြား အနုပညာရှင်များလည်း ပါဝင် ခဲ့ကြသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags