တစ်လတာအကောင်းဆုံးဆုကို ကစားသမားတွေဆီ ဒရုန်းနဲ့ ပို့

ရုရှားကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဇင်းနစ်အသင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်မှာတောင် ကစားသမားတွေကို တစ်လတာအကောင်းဆုံးဆု ချီးမြှင့်ဖို့ မပျက်ကွက်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့က တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သီးသန့်အကွာအဝေးတစ်ခုရှိရမယ်ဆိုတဲ့ ညွှန်ကြားချက်ကိုလည်း လိုက်နာပြီးသားဖြစ်အောင်၊ လူစုလူဝေးကြားထဲလည်း ရောက်မသွားအောင် ဒီဆုကို ဘယ်လိုပေးရမလဲဆိုတာ စဉ်းစားခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ အသင်းရဲ့ တာဝန်ရှိသူတွေဟာ အကြံကောင်းတစ်ခုကို စဉ်းစားမိခဲ့ကြပါတယ်။ အဲဒါကတော့ အသင်းရဲ့ ကစားသမားတွေကို နေအိမ်မှာသာ နေစေပြီး သူတို့အတွက် ပေးမယ့်ဆု ကို ဒရုန်းနဲ့ပို့ပေးဖို့ပါပဲ။

ပြီးခဲ့တဲ့ လအတွက် ဇင်းနစ်အသင်းရဲ့တစ်လတာ အကောင်းဆုံး ကစားသမားက တောင်ပံကစားသမား မယ်လ်ကွန်ဖြစ်ခဲ့ပြီး သူ့ရဲ့တိုက်ခန်းထဲကို ဒရုန်းတစ်စင်းနဲ့ ဆုပေးဖို့ စီစဉ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို တွစ်တာမှာ မြင်တွေ့ခဲ့ရပါတယ်။

ဇင်းနစ်အသင်းရဲ့ တွစ်တာစာမျက်နှာကနေ မျှဝေလိုက်တဲ့ ဗီဒီယိုဖိုင်ထဲမှာ သူ့ရဲ့အခန်းပြတင်းပေါက်ကနေ စောင့်ကြည့်နေတဲ့ မယ်လ်ကွန် ကို မြင်ရမှာဖြစ်ပြီး ပြတင်းပေါက်ကတစ်ဆင့် ဝင်လာခဲ့တဲ့ ဒရုန်းတစ်စင်းကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒရုန်းမှာ ဇင်းနစ်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ချိတ်ဆွဲထားခဲ့ပြီး ပရိသတ်တွေကတော့ အကောင်းဆုံး အိုင်ဒီယာပဲလို့ ချီးကျူးခဲ့ကြတာပါ။

ဇင်းနစ်အသင်းကို စတင်ရောက်ရှိကာစက လူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘာစီလိုနာအသင်းဆီ ပြန်ဖို့တောင် သတင်းတွေ ထွက်ခဲ့တဲ့ မယ်လ်ကွန်ဟာ လက်ရှိအချိန်မှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်နေပါပြီ။

ဇင်းနစ်အသင်းဟာ လက်ရှိအချိန်မှာ ရုရှားပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ဒုတိယနေရာမှာရှိနေတဲ့ ခရက်စ်နိုဒါအသင်းကို (၉)မှတ်အထိ ဖြတ်ထားနိုင်လို့ ဒီရာသီ ချန်ပီယံဆုအတွက် သေချာသလောက်တောင် ဖြစ်နေပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly