ကိုဗစ်နဲ့ ရွာသာယာ

ကိုဗစ်နဲ့ ရွာသာယာ

            ရန်ကုန်မြို့ရဲ့ မနီမဝေးရွာလေးတစ်ရွာသို့ရောက်ရှိနေသည်။ မနှစ်က သန်းကောင်စာရင်းပေါက် အိမ်ခြေ ၂၈၀ ကျော် ရှိသည်ဟု သိရသည်။ ရွာ၏အများစု အသက်မွေးဝမ်းကျောင်းမှာ နေ့စား လုပ်သည့် အလုပ်သမားများ အလုပ်သမများချည်းဖြစ်သည်။ နေ့စားဆိုရာတွင် အလုပ်ရှိလျင် တစ်နေ့လုပ်ခ ၅၀၀၀ မှ ၈၀၀၀ ကျပ် သာရကြသည်။ အလုပ်မရှိလျင် ဝင်ငွေမရှိ။ တစ်ခါတလေ ၁ ရက်လုပ် ၂ ရက် ၃ ရက် မျှစားကြရသည်။ အလုပ်မရှိလျင် အကြွေးတင်သည်။ မိသားစု ဆယ်ဂဏန်းလောက်ထဲကတော့ ထိုင်းတို့ မလေးတို့မှာ အိမ်ထောင်ဦးစီးတွေက အလုပ်ကြမ်းတွေကို သွားရောက် အလုပ်လုပ်ကြသည်။ ရွာကို လေ့လာကြည့်သလောက် အလုပ်လက်မဲ့ လွန်စွာများပြားနေတာကို လေ့လာ သိရှိရသည်။ ခလေးသူငယ်တွေလည်း အလွန်များသည် ။ အိမ်ထောင်စုများတွင် တစ်ယောက်အလုပ် လုပ်ပြီး တစ်မိသားစုလုံး မှီခို ထိုင်စားကြတာ အများစုဖြစ်သည်။

            အလုပ်လုပ်ချင်သော်လည်း အခြားဒေသသို့ သွားရောက် စွန့်စား လုပ်ကိုင်ကြရမှာကို ဝန်လေးနေကြတာ တွေ့ရသည်။ ဖားရှာ ငါးရှာ ထင်းခုတ် ဝါးခုတ် မြေကြီးပေါက်၍ စားသောက်နေထိုင်ကြသည်ဟုဆိုရမည်။ လခစားမရှိ၊ ပုံမှန်ဝင်ငွေမရှိ။ နွေရာသီဖြစ်၍ ခြောက်သွေ့ဖုန်ထူ ရေရှား၏။ မြန်မာနိုင်ငံသို့  အဝင်မခံသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်ခံလိုက်ရသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ရောက်ရှိပြီး ၂ လကျော်ကြာ ရောဂါကူးစက်သူ ၃၈ ယောက်ရှိသည့် သင်္ကြန်အကြိုနေ့တွင် အများနည်းတူ ရွာဓလေ့ ရေပက်မဏ္ဍပ်ကလေးများ မထိုးကြသော်လည်း ကလေးများနှင့် လူငယ်များကတော့ သင်္ကြန်ကို ကြိုကြသည်။ ရေပက်ကြသည်။ အိမ်၌ သင်္ကြန်သီချင်းများဖွင့်ကြသည်။

            ကိုရိုနာဗိုင်းရပ်ရောဂါနဲ့ပတ်သက်လို့ကတော့ ရွာထဲမှ လူကြီးအချို့နှင့် လူငယ်အချို့ကတော့ လူမှုကွန်ရက်စာမျက်နှာတွေကနေ တဆင့် သိကြသည်။ ခေတ်နောက်လိုက် ခေတ်အမှီလိုက် တချို့လူငယ်တွေရဲ့ အိမ်ရှေ့မှာ တော့ ဆပ်ပြာတစ်တုံးနဲ့ ရေတစ်ပုံးချထားပြီး အိမ်ထဲဝင်ရင်လက်ဆေး ဆိုတဲ့ စာကပ်ထားတာတွေ့ရ၏။ ဒါကလည်း တစ်ရွာလုံး လက်ဆယ်ချောင်းမပြည့်။  ထူးဆန်းသည်မှာ သူတို့ကိုကြည့်ရသည်မှာ သိတ်ကြောက်ပုံမရ။ အိမ်တိုင်းလိုလို အကြွေးတွေ လည်ပင်းခိုက်နေပေမယ့် သင်္ကြန်ရက်အတွင်း  အိမ်ပြင်မထွက်ကြဖို့ အစိုးရညွှန်ကြားချက်ကြောင့် အိမ်ထောင်စု အများစုကတော့ ဆန်ကိုတော့အိတ်လိုက် ဝယ်ထားကြတာတွေ့ရသည်။ သူတို့မှာ ဆန်ရှိရင်ရပြီ ဖားရှာ ငါးရှာ ငပိ ငံပြာရည်နှင့် စားမည်။ အေးဆေးပင်။ စားဖို့သောက်ဖို့သာ စိတ်ဝင်စားကြသည်။ အပျော်အပါးကိုသာ စိတ်ဝင်စားကြသည်။ သေရမှာ မကြောက်မဟုတ် ကြောက်တော့ ကြောက်ကြသည်။ ရွာပြင် ကိစ္စရှိ၍ ထွက်လျင် နှာခေါင်းစည်း mask ကို ဝယ်မတတ်နိုင်ကြ။ စားရေးအတွက် mask ကို ၇၀၀ ကျပ်ဖြင့် ဝယ်မတပ်နိုင်ကြ။ တစ်ချို့အရက်သောက်ဖို့အတွက် mask ကို အရေးကြီးတယ်ဆိုတာ သိပေမယ့် ဝယ်မတပ်ကြ။

             ရွာကိုလည်း လာလှူမယ့်သူမရှိ။ အစိုးရမှ ဆန် ဆီ ဆား ကြက်သွန် စတဲ့ သူတို့အခေါ် ဝေခြမ်းရေးကို အရေးတယူစိတ်ဝင်စားမှု သိတ်မတွေ့ရ။ သူတို့မှာ နာဂစ် အတွေ့အကြုံရှိတယ်ဟု ပြောကြသည်။ နာဂစ်မုန်တိုင်း တိုက်တော့ သူတို့တစ်ရွာလုံး အိမ်တွေပြိုကြ သစ်ပင်ကြီးတွေ အားလုံးလဲပြို ရေတွေတက် ဒုက္ခရောက်ကြပေမယ့် ဝေခြမ်းရေးမှာတော့ သူတို့ ခဏခဏအကျော်ခံရသည်၊ ဖြတ်စားလာဘ်စားတွေရှိတာသိ။ အိမ်ထောင်စု ဘယ်နှ စုပဲ ရမယ် ဆိုတာကြောင့် ရွာလူကြီးက ရွာထဲက ပိုက်ဆံရှိတဲ့ အတိုးပေးစားတဲ့သူတွေကို ပြန်မပြောရဲတော့ သူတို့ အမည်စာရင်းကို မဖြုတ်ရဲဘူး၊ တခြားလက်လုပ်လက်စားတွေရဲ့နာမည်ကို ဖြုတ်လိုက်တယ်၊ အဲဒီလို ။ 

               ခုဝေခြမ်းရေးမှာ ပေးရင်ယူမယ် မပေးရင်မယူဘူးဟု ခပ်အေးအေးပင်။ ယခု ကိုဗစ် ရဲ့ အနာဂတ် ဘာဖြစ်မယ်ဆိုတာ သူတို့ မစဉ်းစားတတ်။ သူတို့မှာ ရေရှည် အဝေးကြီးကို မကြည့်ကြ မကြည့်တတ်။ လောလောဆယ် တော့ ရွာမှာ သူ့ဓလေ့ သူ့အရွေ့နဲ့ပင် အရင်အတိုင်း။ ရွာမှ အိမ်များတွင် ပြင်ပတစိမ်းဧည့်သည် မရှိငြား ရွာပြင်ထွက်အလုပ်လုပ်နေသူ တချို့ရှိပေမယ်လည်း သူတို့ရွာကို ကူးစက်ပြင်း ကိုရိုနာဗိုင်းရပ်စ် လာနိုင်မှာမဟုတ်ဘူးဟုပင် ယုံကြည်ကြသည်။လူစုလူဝေးများဖြင့် မနေကြသော်လည်း ရွာဓလေ့ဆိုတော့ မိသားစုချင်း ရောနှောနေထိုင် စကားပြော ဧည့်ခံတာတွေတော့ရှိနေသည်။ လျှပ်စစ်မီး ရကာစဖြစ်၍ စုစုဝေးဝေး ညဖက် တယ်လီဗီးရှင်းလည်း ကြည့်ကြသည်။ မြို့နှင့်နီး၍လား မပြောတတ်၊ လူမှုရေးအဖွဲ့များ ပညာပေးရေးအဖွဲ့များ ဒီရက်အတွင်းတော့ မတွေ့။ အကယ်၍များ ဤရွာကို ကိုဗစ်သာ လာလည်ရင်…။ မလာခင်တော့ ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ရပေမည်။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required