ကာကွယ်ဆေးမရှိဘဲ အားကစားပြိုင်ပွဲတွေကို အမေရိကန်များ လာရောက်ကြည့်ရှုမည် မဟုတ်

ကာကွယ်ဆေးမရှိဘဲ အားကစားပြိုင်ပွဲတွေကို အမေရိကန်များ လာရောက်ကြည့်ရှုမည် မဟုတ်
လော့အိန်ဂျလိစ်မြို့က ဒေါ့ဂါအားကစားရုံကြီး။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး မထုတ်လုပ်နိုင်သေးဘူးဆိုရင် အနာဂတ်မှာ အားကစားပြိုင်ပွဲတွေကို အမေရိကန်အများစု လာရောက်ကြည့်ရှုဖို့ တွန့်ဆုတ်နေကြလိမ့်မယ်လို့ ဆီတွန်ဟောတက္ကသိုလ်ရဲ့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။

COVID-19 အကျပ်အတည်းဖြစ်ပွားပြီးကတည်းက ပြီးခဲ့တဲ့လက မြောက်အမေရိကတစ်လွှားက အားကစားပြိုင်ပွဲတိုင်းကို ပိတ်ပစ်ခဲ့ရမှုနဲ့အတူ ပရော်ဖက်ရှင်နယ်လိဂ်တွေအနေနဲ့ ဘယ်အချိန်၊ ဘယ်လိုမျိုးအနေအထားမျိုးမြှ ပြိုင်ပွဲကို ပြန်စနိုင်မလဲဆိုတာကို သိချင်လာကြပါတယ်။

ဒါပေမယ့် ဆီတွန်ဟောတက္ကသိုလ်ရဲ့ စစ်တမ်းရလဒ်တွေအရ အမေရိကန်များဟာ ကာကွယ်ဆေး မပေါ်သေးခင် အားကစားကွင်းတွေဆီ ပြန်လာမှာ မဝ့ံမရဲနဲ့ စိုးရိမ်စိတ်တွေဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဧပြီ ၆ ရက်ကနေ ၈ ရက်ကြား လူပေါင်း ၇၆၂ ယောက်ကို လေ့လာမှုတွေပြုလုပ်ခဲ့ရာ ၇၂ ရာခိုင်နှုန်းက ကာကွယ်ဆေး မရှိဘဲ အားကစားပြိုင်ပွဲတွေကို ကြည့်ရှုလိုခြင်း မရှိဘူးလို့ ဖြေကြားခဲ့ကြပြီး ၆၁ ရာခိုင်နှုန်းသော အားကစားပရိသတ်တွေကတော့ ကာကွယ်ဆေးမပေါ်ဘဲ အားကစားရုံတွေကို သွားရောက်တာက လုံခြုံစိတ်ချရမှုမရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

ပြီးတော့ ၁၂ ရာခိုင်နှုန်းကလည်း လူအချင်းချင်းခပ်ခွာခွာနေခြင်းက လုံခြုံစိတ်ချရတယ်လို့ ခံစားရပြီး ၁၃ ရာခိုင်နှုန်းကလည်း ဒီအတိုင်းလည်း စိတ်ချမှုခံစားရတယ်လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း ဘယ်အားကစားပွဲမှ မလုပ်ရင်ကောင်းမယ်လို့ ဖြေကြားတဲ့ အုပ်စုကတော့ ၄၀ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အချို့သော ၇၆ ရာခိုင်နှုန်းကတော့ ပြိုင်ပွဲတွေ ပြန်လည်စတင်ပြီး ပရိသတ်မပါဘဲ ရုပ်သံထုတ်လွှင့်မယ်ဆိုရင် စိတ်ဝင်စားမှုရှိလိမ့်မယ်လို့ ဖြေပါတယ်။

အမေရိကန်နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် COVID-19 ကူးစက်မှု မြင့်တက်နေပြီး ကူးစက်ခံရမှု ၄၇၃,၀၀၀ ကျော်ရှိပြီး ၁၇,၈၀၀ ကျော်သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly