လာမည့်နှစ် လိဂ်နားချိန်၌ လက်ရွေးစင်အသင်း ဂျာမနီသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်

လာမည့်နှစ် လိဂ်နားချိန်၌ လက်ရွေးစင်အသင်း ဂျာမနီသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်
မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ခန်းပြန်လည် စတင်သည့် ပထမနေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

နိုဝင်ဘာ ၃၊ ရန်ကုန်။                ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းအား လာမည့်နှစ် ဆူဇူကီးဖလားအတွက် ရည်ရွယ်၍ ၂၀၁၆ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ပြီးချိန်၌ ဂျာမနီသို့ သွားရောက် လေ့ကျင့်ရန် စီစဉ်ထားသည် ဟု လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး နိုဝင်ဘာ ၁၂ ရက်တွင် ကိုရီးယား၊ ၁၇ ရက်တွင် ကူဝိတ်၊ မတ်လ ၂၉ ရက်တွင် လက်ဘနွန်အသင်း တို့နှင့် ယှဉ်ပြိုင်ကစားရန် ကျန်ရှိလျက်ရှိသည်။

“ လူငယ်အသင်းကို ကိုင်တုန်းက ကစားသမားတွေက လိဂ်မရှိတဲ့အတွက် လေ့ကျင့်လို့ရပါတယ်။ လက်ရွေးစင်မှာကျတော့ လိဂ်ရှိနေတဲ့အတွက် လေ့ကျင့်ခန်းလည်း မပြတ်အောင် တစ်လကို တစ်ကြိမ် ပုံမှန်လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။

လိဂ်ပြီးသွားလို့ သုံးလနားတဲ့အချိန်မှာ အသင်းကို စခန်းသွင်းမယ်။ ပြီးတဲ့အချိန်မှာ ဂျာမနီကို သုံးပတ်လောက် သွားလေ့ကျင့်မယ်။ ပြန်လာပြီးရင် ဆူဇူကီးပြိုင်ပွဲအတွက် အကောင်းဆုံး ယှဉ်ပြိုင်ပါမယ်။ အဲဒီ့အချိန်ကျရင်တော့ အသင်းရဲ့ အကောင်းဆုံးပုံစံတွေကို မြင်ရမှာပါ ” ဟု လက်ရွေးစင်အသင်း၏ ပြင်ဆင်မှုနှင့် ပတ်သက်၍ နည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ၂၀၁၆ ဒီဇင်ဘာလတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံနှင့်အတူ အိမ်ရှင်နိုင်ငံအဖြစ် ပူးတွဲကျင်းပမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly