COVID-19ရောဂါပိုး ရှိ/မရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဘယ်လိုစစ်ဆေးဆောင်ရွက်နေလဲ

COVID-19ရောဂါပိုး ရှိ/မရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဘယ်လိုစစ်ဆေးဆောင်ရွက်နေလဲ

ဧပြီ ၁၀ရက်

မြန်မာနိုင်ငံမှာ COVID-19ရောဂါပိုး ရှိ/မရှိကို စစ်ဆေးနိုင်တဲ့ဌာနက အခုလက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မှာရှိတဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနပဲရှိပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ ဗိုင်းရပ်စ်စစ်ဆေးနိုင်နဲ့ စက် ခြောက်လုံးရှိပြီး တစ်နေ့ကို လူအယောက် ၃၀၀လောက် စစ်ဆေးနိုင်တယ်လို့ ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က မဇ္ဈိမကို ပြောပါတယ်။

 ဒေါက်တာဥမ္မာဆွေတင်က "အမတို့ဘက်မှာတော့ အနည်းဆုံး တစ်နေ့ကို ၃၀၀လောက်အထိ လက်ခံစစ်ဆေးပေးနိုင်ပါတယ်။ အခုလက်ရှိကတော့ ... ၆၆ယောက်၊ ၄၄ယောက်၊ ၅၅ယောက် အဲ့လိုမျိုးလေးပေါ့ အမတို့ဆီကို လာသလောက်ကတော့ အဲ့ဒါအကုန်ပဲ" လို့ ပြောပါတယ်။

"အမတို့ဆီကို sample ရောက်ရင်တော့ ညကတည်းက ရောက်တယ် ဒါမှမဟုတ် မနက်မှ ရောက်တယ်ဆိုရင် အမတို့ကပုံမှန် ၁၁နာရီအထိစောင့်တယ်။ ၁၁နာရီကနေစပြီးလုပ်တယ်။ ညနေ ၄နာရီခွဲလောက်ဆို အဖြေထွက်တယ်"လို့ ဆိုပါတယ်။

ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ တစ်နေ့ကို COVID-19 တို့ဖတ်နမူနာ ၇၀နီးပါးကို စစ်ဆေးရပေမယ့်လည်း ဝန်ထမ်းအင်အားရော စက်အင်းအားပါ အခက်အခဲမရှိဘူးလို့သိရပါတယ်။

တို့ဖတ်နမူနာစစ်ဆေးဖို့အတွက် ဓာတ်ခွဲဌာနတစ်ခုအား မန္တလေးတွင် ပြုလုပ်ဖို့စီစဉ်နေကြောင်း ဒေါက်တာဥမ္မာဆွေတင်က ပြောပါတယ်။"အမတို့အခု လိုအပ်တဲ့ပစ္စည်းတွေက ရောက်ဖို့က စောင့်ရဦးမယ်။ စောင့်ရဦးမယ်ဆိုတာက  WHOကပေးတဲ့ဟာတွေက လမ်းမှာကြာဦးမှာနဲ့ဘာနဲ့ဆိုတော့ မေလကုန် ဇွန်လဆန်းလောက်မှပဲ စဖြစ်မလားမသိဘူး။ သူတို့လမ်းမှာဘယ်လောက်ကြာမလဲဆိုတာတော့ သေချာမသိဘူး သူတို့ဘက်က စီစဉ်တာဆိုတော့လေ" လို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ COVID-19ကုသမှာပိုင်းမှာ ကူညီဖို့အတွက် တရုတ်ဆေးအဖွဲ့ဟာ ဧပြီ ၈ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။အဲ့ဒီအဖွဲ့ထဲမှာ ကူးစက်ရောဂါကာကွယ်ရေးပညာရှင်တွေ၊ ကုသရေးပညာရှင်တွေ၊ တိုင်းရင်းဆေးပညာရှင်တွေ၊ ဓာတ်ခွဲပညာရှင်တွေ ပါဝင်တယ်လို့သိရပါတယ်။

ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကိုတော့ ဓာတ်ခွဲပညာရှင် နှစ်ဦး ရောက်ရှိနေကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly