ပျဉ်းမနားမြိုနယ်တွင် ကျပ်သိန်းလေးထောင်ခန့်ဖိုး ထောက်ပံ့မှုပြုလုပ်မည်

ပျဉ်းမနားမြိုနယ်တွင် ကျပ်သိန်းလေးထောင်ခန့်ဖိုး ထောက်ပံ့မှုပြုလုပ်မည်

နေပြည်တော်၊ ဧပြီလ ၉

ကမ္ဘာ့ကူးစက်မြန် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus ရောဂါထိန်းချုပ်ရန်အတွက် အရေးကြီးကာလဖြစ်သော သင်္ကြန်ရက်အတွင်း နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလက်လုပ်လက်စား အိမ်ထောင်စု ၂၇၄၂၈ စုကို အခြေခံစားသောက်ကုန်ငါးမျိုး ထောက်ပံ့ပေးသွားမည်ဟု အဆိုပါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက ပြောသည်။.

ဆန် ၈ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိသာ၊ ကြက်သွန်၊ ဆား အစရှိသည့် အခြေခံစားသောက်ကုန် ငါးမျိုးကိုဧပြီလ ၁၀ရက်နေ့မှ စတင်ကာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဧပြီလ ၉ ရက်နေ့က မီဒီယာများကို၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးသိုက်ဝေဖြိုးက“လက်ရှိအချိန်အထိတော့ ပစ္စည်းအားလုံး ၂၇၀၀၀လုံးစာတော့ မရောက်သေးပါဘူး။ မြို့နယ်အနေနဲ့ မနက်ဖြန်မှာစပြီး ဝေနိုင်အောင် စီစဉ်ထားပါတယ်။ ၁၀ရက်နေ့ကနေ ၁၁၊ ၁၂လောက်ထိ ရောက်သွားမှာပေါ့”ဟု ပြောသည်။

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားကို သီးခြား ညွှန်ကြားချက်မရှိပဲ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ၊ ပန်းရံသမားများ၊ လယ်မဲ့ယာမဲ့များ၊ ကျဘမ်းအလုပ်သမားများနှင့် ခေါင်းရွက်ဗျက်ထိုး ဈေးသည်များပါဝင်ပြီး အစိုးရဝန်ထမ်းနှင့် ပုဂ္ဂလိက ဝန်ထမ်းများမပါဝင်ကြောင်း သိရသည်။

ကျေးရွာအုပ်စုများထဲတွင် တောင်ပေါ်ဒေသများလည်းပါရှိနေပြီး လူစုလူဝေးမဖြစ်စေရန် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှုးများမှတဆင့်အဖဲ့ွဝင် ငါးဦးခန့်ဖြင့် အိမ်တိုင်ယာရောက် ပို့ဆောင်ပေးမည်ဖြစ်သည်။

“တောင်ပေါ်ကျေးရွာတွေကို ကားနဲ့ အလီလီပို့ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူက လူဦးရေ စုစုပေါင်း ၃၀၀၀ကျော်လောက်ပဲရှိပါတယ်။ အဖွဲ့သုံးဖွဲ့နဲ့ သွားဖို့စီစဉ်ထားပါတယ်”ဟု ၎င်းက ပြောသည်။

မြို့နယ်အတွင်း စာရင်းကောက်ယူရာတွင် ပြသနာတစ်စုံတစ်ရာ မရှိခဲ့သော်လည်း မင်္ဂလာရပ်ကွက်နှင့် တောင်သာရပ်ကွက်တွင် နာမည်စာရင်းထပ်ပြီး မှားကောက်မိသောကြောင့် မပါသင့်သူများကို ပြန်လည်ဖယ်ရှားခဲ့ရသည်ဟု ၎င်းက ရှင်းပြသည်။

ပျဉ်းမနားမြို့နယ်တွင်း ကျေးရွာအုပ်စုပေါင်း ၂၅ခုနှင့် ရပ်ကွက်ကြီး ၁၁ခုရှိပြီး အိမ်ထောင်စုပေါင်း ၄သောင်းကျော်ခန့်ရှိပြီး ယခုထောက်ပံ့ပေးမည့်စာရင်းတွင် အိမ်ထောင်စုဇယား ပုံစံ ၆၆ မရှိသော သူများကိုလည်း စာရင်းထည့်သွင်းပေးပြီး ထောက်ပံ့ပေးသွားမည်ဟု ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly