ရောဂါပျောက်ကင်းသွားသော လူနာများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တကျော့ပြန်ရှင်သန်လာနိုင်ဟု ကိုရီးယားကျွမ်းကျင်သူများပြော

ရောဂါပျောက်ကင်းသွားသော လူနာများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တကျော့ပြန်ရှင်သန်လာနိုင်ဟု ကိုရီးယားကျွမ်းကျင်သူများပြော
Photo: AFP

ဧပြီ ၉

ကိုရိုနာဗိုင်းရပ်စ်သည် ရောဂါပျောက်ကင်းသွားပြီးဖြစ်သည့် လူနာများထံတွင် ပြန်လည်ရှင်သန်ကောင်း ရှင်သန်လာနိုင်ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကုသမှုခံယူပြီး ပျောက်ကင်းသွားသူများဟု သတ်မှတ်ခံရသည့် လူနာ ၅၁ ဦးခန့်တွင် အဆိုပါ ဗိုင်းရပ်စ်ကို တဖန် ပြန်လည် စစ်ဆေးတွေ့ရှိခဲ့ကြောင်း CDC က ဧပြီ ၆ ရက်က ပြောသည်။

၎င်းတို့သည် quarantine (သီးခြားခွဲနေမှု) ကာလ လွန်မြောက်လာပြီး သိပ်မကြာမီ ဗိုင်းရပ်စ် ပြန်တွေ့ရှိကြောင်း စစ်ဆေးသိရှိရသည့်အတွက် နောက်တစ်ကြိမ် ဗိုင်းရပ်စ် ထပ်မံကူးစက်ခြင်းထက်စာရင် ဗိုင်းရပ်စ်က အဆိုပါလူများတွင် ပြန်လည်ရှင်သန်ကောင်း ရှင်သန်လာခြင်း ဖြစ်နိုင်ကြောင်း ကိုရီးယား CDC ၏ ညွန်ကြားရေးမှူးချုပ် Jeong Eun-Kyeong က ပြောသည်။

“ဗိုင်းရပ်စ် ပြန်လည် ရှင်သန်မှုကို ဖြစ်နိုင်ဖွယ် အကြောင်းရင်းအဖြစ် ကျွန်တော်တို့ သုံးသပ်ယူဆနေပေမယ့် ဒါနဲ့ပတ်သက်လို့ ပြည့်စုံကျယ်ပြန့်တဲ့ လေ့လာချက်တစ်ခုကိုလည်း ကျွန်တော်တို့ လုပ်နေပါတယ်” ဟု Jeong က ပြောသည်။

“ ကုသမှုတွေ လုပ်စဉ်တုန်းကလည်း လူနာတစ်ဦးမှာ တစ်နေ့မှာ ဗိုင်းရပ်စ်ပိုး မတွေ့ပေမယ့် နောက်တစ်နေ့ ပိုးပြန်တွေ့တဲ့ ဖြစ်စဉ်တွေ အများကြီးလည်း ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

၂၄ နာရီ ကြားကာလတစ်ခုအတွင်း စမ်းသပ်မှုနှစ်ကြိမ် လုပ်ဆောင်ပြီး ပိုးမရှိဟု ရလဒ်များ ထွက်ပေါ်လျင် အဆိုပါ လူနာကို အပြည့်အ၀ ပြန်လည်သက်သာပြီဟု ယူဆကြောင်း သိရသည်။

ယခု ဖြစ်စဉ်များနှင့်ပတ်သက်၍ ကိုရီးယား CDC အနေဖြင့် ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်း ပညာရပ်ပိုင်းဆိုင်ရာ စူးစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Jeong က ပြောသည်။

တောင်ကိုရီးယားသည် အတိုင်းအတာ ကြီးမားသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို အစောဆုံး ကြုံတွေ့ခဲ့ရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

သို့သော် ယခုအခါ ယင်းနိုင်ငံသည် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀ မျှသာ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၉ ရက်က ကူးစက်မှုဖြစ်စဉ် ၁,၁၈၉ ဖြင့် အထွတ်အထိတ်သို့ ရောက်ခဲ့ပြီးနောက်ပိုင်း ကူးစက်မှုအသစ်တွေ့ရှိမှုကလည်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly