သင်္ကြန်ကာလအတွင်း အလုပ်သမားဆန္ဒမပါဘဲ လုပ်ငန်းခွင်ဝင်ခိုင်းပါက အရေးယူသွားမည်

သင်္ကြန်ကာလအတွင်း အလုပ်သမားဆန္ဒမပါဘဲ လုပ်ငန်းခွင်ဝင်ခိုင်းပါက အရေးယူသွားမည်

ဧပြီ ၉

သင်္ကြန်ကာလအတွင်း ဖွင်လှစ်မည့်လုပ်ငန်းများတွင် အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ လုပ်ငန်းခွင်ဝင်ရောက်ခိုင်းပါက အလုပ်သမားဥပဒေ စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ကပြောသည်။

 “ညှိနှိုင်းမှုမပြေလည်ဘဲ ဖွင့်မယ့်စက်ရုံဆိုရင်တော့ အစ်မတို့သတိပေးအရေးယူတာတွေလုပ်ပါ့မယ်။ နှစ်ဦးနှစ်ဘက်ညှိနှိုင်းမပြေလည်တဲ့ စက်ရုံဆိုရင်လည်း သူလုပ်ကိုင်ရမယ့် ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ဖို့ အစ်မတို့ပြောရမှာဖြစ်ပါတယ်။ ဒီနေ့ အထိတော့ သင်္ကြန်ကာလအတွင်းဖွင့်မယ်ဆိုတဲ့ စက်ရုံမကြားမိသေးဘူး။” ဟု ဒေါ်မိုးမိုးစုကြည်က ပြောသည်။

လုပ်ငန်းအချို့အား သင်္ကြန်ပိတ်ရက်အတွင်းဖွင့်လှစ်ခြင်းမပြုရန်မေတ္တာရပ်ခံထားသော်လည်း အလုပ်ရှင်နှင့်အလုပ်သမားများ ညှိနှိုင်းသဘောတူညီမှုရရှိပါက ဖွင့်လှစ်နိုင်ကြောင်း  ၎င်းကပြောသည်။

ယခုကဲ့သို့ မေတ္တာရပ်ခံထားသည့်ကြားမှ အလုပ်သမားသဘောတူညီချက်မရှိဘဲ အလုပ်လုပ်ခိုင်းသည့် အလုပ်ရှင်မျိုးရှိကြောင်းတိုင်းတန်းလာပါက အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“တိုင်တန်းလာရင်လည်း အဲဒီတော့ သူရဲ့အလုပ်သမား၊အလုပ်ရှင် ကိစ္စမှာလည်း မပြေလည်ဘဲနဲ့တော့ စက်ရုံဖွင့်လို့မရဘူး။ ဖွင့်မှာမဟုတ်ဘူး။ ဖွင့်ခဲ့ရင်လည်း အစ်မတို့က ခေါ်ယူသတိပေးပြီးတော့ နောက်နောင်ဒါမျိုးတွေ မလုပ်ဖို့ ပြောတာနဲ့ သူရဲ့အလုပ်သမားအလုပ်ရှင်စည်းကမ်းအတိုင်း စည်းမျဉ်းဥပဒေတွေနဲ့အညီ လုပ်ဆောင်သွားမှာပါ။” ဟု ဒေါ်မိုးမိုးစုကြည်က ပြောသည်။

ပြည်ထောင်စုအစိုးရထုတ်ပြန်ချက်များနှင့် ဒေသန္တရအမိန့်များ၊ ကြေညာချက်များတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးအတွက် သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၀ရက်မှ ဧပြီ ၁၉ရက်အထိ ကျန်းမာရေးနှင့် စားသောက်ရေးကိစ္စမှလွဲ၍ တတ်နိုင်သမျှ နေအိမ်တွင်နေရန် ဖော်ပြချက်များပါရှိသည်။

အဆိုပါကြေညာချက်များတွင် အပြင်ထွက်ပါက အရေးယူမည့် အပိုင်းမပါဝင်ဘဲ မေတ္တာရပ်ခံထားခြင်းဖြစ်ကြောင်း ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

“အစ်မတို့အခုကာလမှာ ထွက်တဲ့ ကြေညာချက်တိုင်းမှာ အရေးယူမယ်မပါပါဘူး။ အစ်မတို့ ပြည်သူတွေသိရှိနားလည် လိုက်နာအောင် ကျန်းမာရေးသတိရှိအောင် တိုက်တွန်းမယ်။ပူးပေါင်းပါ ဆိုပြီးတော့ တိုက်တွန်းထားတာတို့ မေတ္တာရပ်ခံဖို့ပဲရှိတယ်။” ဟု ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

လက်ရှိတွင် သင်္ကြန်ကာလအတွင်းဖွင့်မည့်စက်ရုံထက် ပိတ်မည့် စက်ရုံများသာပိုများလာကြောင်း  အလုပ်သမားရေးလှုပ်ရှားဆောင်ရွက်သူ ဦးမြတ်ကျော်က ပြောသည်။

“လောလောဆယ်သင်္ကြန်တွင်းမှာဖွင့်မယ်စက်ရုံတော့မရှိဘူး။ ပိတ်မယ့် စက်ရုံတွေပဲများတယ်။ ပိတ်တာတောင်မှ သုံးလတို့၊ ခြောက်လတို့အထိပိတ်မယ်လို့သတင်းတွေထွက်နေတယ်။ ဖွင့်မယ့်စက်ရုံမရှိသလောက်ပဲ။” ဟု သူက ပြောသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများကြောင့် နိုင်ငံခြားမှ Export တင်ပို့ခွင့် ကန့်သတ်ခြင်း၊ ကုန်ကြမ်းများပြတ်လပ်မှုကြောင့် အထည်ချုပ်အလုပ်သမားများအလုပ်အကိုင်ဆုံးရှုံးမှုများရှိလာကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိတ်စက်ရုံ လေးရုံတွင် အလုပ်ရှင်အလုပ်သမားညှိနှိုင်းမှုမပြေလည်မှုကြောင့် ဆန္ဒပြမှုများရှိနေသည့်အပြင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ရွှေပြည်နန်းစက်ရုံတွင် အလုပ် ခြောက်လပိတ်ပြီး လစာရာခိုင်နှုန်းအလိုက်ပေးမည့် ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းမှုမပြေလည်သေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly