ထီဖွင့်ရက် မသေချာသေးလို့ ထီစာအုပ်သိန်း ၂၀ကျော် မထုတ်ကြ

 ထီဖွင့်ရက် မသေချာသေးလို့ ထီစာအုပ်သိန်း ၂၀ကျော် မထုတ်ကြ

ဧပြီလ ၉

COVID-19 ကာလအတွင်း အောင်ဘာလေထီဖွင့်ရက် တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် ထီစာအုပ်ပေါင်းသိန်း ၂၀ကျော် ထုတ်ယူခြင်းမရှိသေးကြောင်း ထီကိုယ်စားလှယ်များနှင့် ထီရောင်းချသူများထံ မှသိရသည်။

ပုံမှန်အားဖြင့် လဆန်း ၁ ရက်နေ့မှာထုတ်ပြန်နေသည့် အောင်ဘာလေထီဖွင့်ရက်ကို ၁၅ရက်နောက်ဆုတ်ပြီးဖွင့်မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ မီဒီယာများတွင်ဖြေကြားထားပေမယ့် တရားဝင်ထုတ်ပြန်ခြင်းမရှိပေ။ထို့ကြောင့်  ဧပြီလအတွင်း ရောင်းချမည့် ထီ များထဲမှ သုံးပုံတစ်ပုံခန့်သာ ကိုယ်စားလှယ်များက ထုတ်ယူရောင်းချနေခြင်းဖြစ်သည်။

ထီကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးစန်းယုက “ မေ ၁၅ရက်ထွက်မယ်လည်းပြောတယ်။ မေ ၁ရက်ထွက်မယ်လည်းပြောနေတယ်။ တရားဝင်ထုတ်ပြန်ထားတာမရှိတဲ့အတွက် ထီရောင်းချတဲ့သူတွေအနေနဲ့ လည်းဘယ်လိုလုပ်ရမလဲ စဉ်းစားနေရတယ်။ အတိအကျထီဖွင့်ရက်သိရင်တော့ အဲ့ဒီအပေါ်မှာပဲ ကြည့်ပြီးတော့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် အောင်ဘာလေသိန်းဆုဌာနခွဲတွင် ထီစာအုပ်ပေါင်း သိန်း ၂၀ကျော် ကျန်ရှိနေပြီး ထီစာအုပ် ၁၀ သိန်းကျော်ကိုသာ ထုတ်ယူထားကြောင်း ၎င်းကပြောသည်။

ထီရောင်းချသူများ နစ်နာမှုမရှိစေရေးအတွက် အောင်ဘာလေထီဖွင့်ရက်ကို လစဉ် ၁ရက်နေ့ထွက်နေရာမှ လလယ်ပိုင်းဖြစ်သည့် ၁၅ရက်နေ့တွင် ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်နေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မဇ္ဈိမကိုပြောကြားထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပြောင်းလဲဖွင့်လှစ်မည့်ရက်ကို အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူနိုင်ရန်တင်ပြထားပြီး ခွင့်ပြုချက်ရလျှင် တရားဝင်အသိပေးမည်ဖြစ်ကြောင်းသိရသည်။

ဧပြီလအတွက် ဖွင့်လှစ်မည့် အောင်ဘာလေထီဖွင့်ပွဲတွင်လည်း ယခင်လများက ဖွင့်လှစ်ခဲ့သည့် အက္ခရာ ၃၈ ခုအစား အက္ခရာ လျော့ထုတ်သွားမည်ဖြစ်ကြောင်းလည်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် COVID – 19 စတင်တွေ့ရှိသည့်မတ်လအတွင်းက ထီရောင်းအားမှာ ကျဆင်းနေသောကြောင့်ထီဖွင့်ရက်ကိုနောက်ဆုတ်ပေးရန် ထီကိုယ်စားလှယ်များမှ အစိုးရထံ စာပို့အကြောင်းကြားခဲ့ကြသေးသည်။သို့သော် ဧပြီလ ၁ရက်နေ့တွင် ပုံမှန်အတိုင်း ထီဖွင့်ပွဲပြုလုပ်ခဲ့သည်။

ယခင်က ထီတစ်စောင်ကို ကျပ်၁၂၀၀နဲ့ရောင်းခဲ့ကြပေမယ့် မတ်လက ထီတစ်ထောင်ကို တစ်ထောင်နဲ့ရောင်းခဲ့ကြသော်လည်းထီလက်မှတ်များစွာကျန်နေတာကြောင့်ထီသည်များအရှုံုးပေါ်ခဲ့သည်။ဒါကြောင့်ယခုလအတွက် ထီလက်မှတ်များအထုတ်သေးဘဲ အခြေအနေစောင့်ကြည့်နေကြခြင်းဖြစ်သည်။

ထီကိုယ်စားလှယ်များအနေဖြင့် COVID-19 ရောဂါဖြစ်နေသည့် ကာလအတွင်းအောင်ဘာလေထီဖွင့်ရက်ကို တရားဝင် ထုတ်ပြန်ပေးရန်လည်း လိုလားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly