တပ်မတော်နှင့် AA  တိုက်ပွဲကြောင့် အရပ်သား ၇ ဦးသေ ၉ ဦး ဒဏ်ရာရ

By စိုင်းဦး
09 April 2020
တပ်မတော်နှင့် AA  တိုက်ပွဲကြောင့် အရပ်သား ၇ ဦးသေ ၉ ဦး ဒဏ်ရာရ
ပုံ-စစ်ရေးပြ အခမ်းအနားတစ်ခုတွင်တွေ့ရသော တပ်မတော်သားများ(ပုံ-AFP)

ရန်ကုန်၊ ဧပြီ  ၉

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဧပြီလ ၇ ရက်က တပ်မတော်နှင့် AA ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့်  ပလက်ဝဒေသခံ  အရပ်သား ခုနှစ် ဦး သေဆုံးခဲ့ပြီး ကိုး ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့အနီးက နန်းချောင်ဝကျေးရွာဘက်မှာ တပ်မတော်နှင့် AA တို့ ဧပြီ ၇ ရက်က မွန်းလွဲ ၃ နာရီနှင့် ၅ နာရီကြား တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာအုပ်စု၊ နန်းချောင်ဝကျေးရွာထဲသို့ ရဟတ်ယာဉ် ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ(KACC)ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက မဇ္ဈိမသို့ ပြောသည်။

KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက “၇ ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲကြောင့် နန်းချောင်းဝထဲမှာ လူ ခုနှစ် ဦး သေတယ်ဗျာ၊ ကိုးယောက် ဒဏ်ရာရတယ်။သူတို့ပဲ ပစ်မှတ်ပဲ လွဲတာလား ရွာထဲကို ဒီလို ပစ်တာတော့ မကောင်းဘူးပေါ့၊ ကျွန်တော်တို့က နှစ်ဦး နှစ် ဖက် အပစ်ခတ်ရပ်စဲဖို့ အားလုံးညှိနှိုင်းတာ ကောင်းမယ်လို့ ထုတ်တာဖြစ်ပါတယ်” ဟု ပြောသည်။

တပ်မတော်နှင့် AA တိုက်ပွဲကြောင့် သေဆုံးခဲ့ရသူများမှာ ဒေါ်အောင်တန်း (အသက် ၅၂ နှစ်)၊ ဒေါ်ဟွေ့နွေ့ (အသက် ၄၃ နှစ်)၊ ဒေါ်မထွန်း (အသက် ၂၂ နှစ်)၊ ဦးလင်းဖရုန်း (အသက် ၂၈ နှစ်)၊ မောင်အောင်လင်း (အသက် ၁၈ နှစ်)၊ မောင်ကျော် နိုင်ဦး (အသက် ၁၅ နှစ်)၊ မောင်ကျော်နိုင်လင်း (အသက် သုံး နှစ်)တို့ ဖြစ်ကြသည်။

ထို့နောက် ဒဏ်ရာရသူများမှာ ဦးခင်အောင် (အသက် ၆၃ နှစ်)၊ ဒေါ်မဖြူ (အသက် ၆၂ နှစ်)၊ ဒေါ်ကိုးဆိုက် (အသက် ၅၃ နှစ်)၊ ဒေါ်လောင်းကိုက် (အသက် ၅၀ နှစ်)၊ မမော်နီကား (အသက် ၂၃ နှစ်)၊ မဟွေ့ယိန်း (အသက် ၂၃ နှစ်)၊ မဝင်းနွဲ့ (အသက် ၁၈ နှစ်)၊ မခင်းရပ် (အသက် ၁၂ နှစ်)၊ မောင်အောင်သိန်းယိုး (အသက် သုံး နှစ်)တို့ ဖြစ်ကြသည်။

တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားပြီး ရဟတ်ယာဉ်နှင့် ပစ်ခတ်မှုကြောင့် နေအိမ် ရှစ် လုံး ပျက်စီးခဲ့ကြောင်း၊ ယခင်က ပလက်ဝဒေသတွင် ချင်းနှင့်ရခိုင် တိုင်းရင်းသားများ အတူတကွ နေထိုင်ခဲ့ကြသော်လည်း ယခု AA အဖွဲ့ လှုပ်ရှားလာခြင်း ကြောင့် စိတ်ဝမ်းကွဲမှုများ ရှိလာနေကြောင်း KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောသည်။

 “AA တွေက သူတို့ ရခိုင်ပြည်နယ်မှာ မလှုပ်ရှားဘဲနဲ့ ချင်းပြည်နယ် ပလက်ဝထဲမှာ လှုပ်ရှားတော့ ပလက်ဝ ဒေသခံ ချင်း တွေရော၊ ပလက်ဝဒေသခံ ရခိုင်တွေရော၊ အချင်းချင်း စိတ်ဝမ်းကွဲကြမှုတွေရှိတယ်။ အဲလိုစိတ်ဝမ်းကွဲမှုတွေ မရှိအောင် ပစ်ခတ်ခြင်းနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းလမ်းအရ စားပွဲဝိုင်းမှာ ဖြေရှင်းကြဖို့ တိုက်တွန်းချင်ပါတယ် တောင်းဆိုပါတယ် ” ဟု ၎င်းက ပြောသည်။

ပုံ - ပလက်ဝမြို့အတွင်းမှ ဆိပ်ကမ်းကို မြင်တွေ့ရခြင်း (ပုံ-ချစ်မင်းထွန်း)

တပ်မတော်နှင့် AA  တိုက်ပွဲကြောင့် သေဆုံး၊ ဒဏ်ရာရသူများ၊ နေအိမ် မီးလောင်သွားသည့် မိသားစုများကို ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများက ငွေကြေး ထောက်ပံ့ပေးသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

“သေဆုံးသူ တစ်ဦးကို သုံးသိန်းနှုန်းနဲ့ ထောက်ပံ့ပါတယ်၊ နောက်တစ်ခါ ဒဏ်ရာရတဲ့သူကိုတော့ တစ်သိန်းနှုန်း၊ နောက် နေအိမ် မီးလောင်တဲ့ မိသားစုတွေက တစ်အိမ် သုံးသိန်းနှုန်း အဲ့လိုတွေတော့ ကျွန်တော်တို့ ထောက်ပံ့ပေးပါတယ်။ အဲ့ဒီ အပြင် ရန်ကုန်စစ်ဘေးရှောင် ထောက်ပံ့ရေးကော်မတီကလည်း သေဆုံးသူ တစ်ဦးကို သုံးသိန်း၊ ဒဏ်ရာရသူ တစ်ဦးကို တစ်သိန်းနှုန်း၊ အဲတာလေး ထောက်ပံ့ထားပါတယ် ”ဟု ပြောသည်။

ဧပြီ ၇ ရက်နေ့က တပ်မတော်နှင့် AA တိုက်ပွဲကြောင့် နန်းချောင်းဝ ကျေးရွာ၊ နှမဒါကျေးရွာ၊ စိမ့်ဆင်းကျေးရွာမှ ဒေသခံ ၅၀၀ ကျော်လည်း ဧပြီလ ၉ ရက် နံနက်ပိုင်းက ပလက်ဝမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြကြောင်း ၎င်းက ပြော သည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ AA သည် ကျေးရွာနှင့်မြို့ပေါ်များတွင် လှုပ်ရှားနေခြင်းကြောင့် ထိတွေ့မှုဖြစ်ခဲ့ရခြင်း ဖြစ်ပြီး ပြည်သူလူထု ထိခိုက်သေဆုံးမှုများ ဖြစ်လာရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် AA အနေနှင့် ကျေးရွာ၊ မြို့ပေါ်တွင် မလှုပ်ရှားစေလိုကြောင်း ဒေသခံများက တောင်းဆိုလျက်ရှိနေသလို မိမိအနေဖြင့် ကျေးရွာနှင့် မြို့ပေါ်များတွင် တိုက်ပွဲ မဖြစ်ပွားရန် အထက် တာဝန်ရှိသူများထံ တင်ပြထားကြောင်း ဝန်ကြီး ဦးစိုးထက်က ပြောသည်။

တပ်မတော်နှင့် AA ကြား ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ယနေ့ (၂၀၂၀ ခုနှစ်၊ ဧပြီလ)အထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင် တစ်သိန်းခွဲကျော်ရှိပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲ၌ တိုက်ပွဲရှောင် ၅၀၀၀ ကျော်ရှိကြောင်း အရပ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။

လက်ရှိတွင် AA ကို အစိုးရက အကြမ်းဖက် အုပ်စုနှင့် မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊မတ်လ ၂၃ ရက်က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly