တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ မြန်မာ လက်ခံရရှိမည်

တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ မြန်မာ လက်ခံရရှိမည်

ဧပြီ ၉

နှစ်ကာလအတော်ကြာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက် များမကြာမီအတွင်း တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံက လက်ခံရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအနေဖြင့် အဆိုပါ SY-400 ဒုံးကျည်များနှင့်ပတ်သက်သည့် နည်းပညာလွှဲပြောင်းမှု အမျိုးအစားတချို့ကို ရရှိမည် ဖြစ်သလို အချိန်ကြာမြင့်စွာ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ချေးငွေပမာဏတချို့ကိုလည်း ရရှိမည်ဖြစ်သည်။

စံနှုန်းသတ်မှတ်ထားသည့် အစိတ်အပိုင်းများ ဖွဲ့စည်းပုံအရ DF-12A စနစ်ဟု ခေါ်သည့် SY-400 တွင် အစိုင်အခဲလောင်စာ အသုံးပြု ဒုံးကျည်များနှင့်အတူ ကျည်ပုံး ရှစ်ခု ပါဝင်သည်။ ဒုံးကျည်များကို စက်ရုံတွင် အဆိုပါ ကျည်ပုံးများထဲသို့ ထည့်သွင်းတပ်ဆင်ထားခြင်း ဖြစ်ပြီး ယင်းတို့ကို ထပ်တိုး ပြုပြင်ထိန်းသိမ်းရန်မလိုဘဲ နှစ်အတော်ကြာ သိုလှောင်ထားနိုင်သည်ဟု သိရသည်။ ဒုံးကျည်များကို ဒေါင်လိုက် ပစ်ခတ်ရပြီး အကွာအဝေး ကီလိုမီတာ ၄၀၀ ခန့်အထိ ပစ်ခတ်နိုင်သည်။ SY-400 သည် မတူညီသော ထိပ်ဖူးအမျိုးအစားများကိုလည်း အသုံးပြုနိုင်သည်။

SY-400 ဒုံးကျည်တွင် GPS/INS လမ်းညွှန်မှုစနစ် တပ်ဆင်ထားသည်။ ယင်းဒုံးကျည်ကို ထိန်းချုပ်ရေးမျက်နှာပြင် လေးခုနှင့် တည်ငြိမ်အောင် ထိန်းမတ်ပေးသည့် ဆူးတောင်များဖြင့် ကနဦး ပျံသန်းမှုအဆင့်၌ ရည်ရွယ်ရာ ပစ်မှတ်ကို ဦးတည်ပေးနိုင်သည်။ အဆိုပါ ဒုံးကျည်သည် အကွာအဝေးကို တိုးချဲ့ရန် နှုန်းထား နှိမ့်ချမှု စနစ်ကိုလည်း အသုံးပြုနိုင်သည်။ ယင်းဒုံးကျည်စနစ်တွင် ဒုံးကျည်အသီးသီးကို မတူညီသော ပစ်မှတ်များကို ချိန်ရွယ်နိုင်သည်။

ဒုံးကျည်ပစ်လွှတ်သည့် လောင်ချာများကို Wanshan 8x8 ရွေ့လျားနှုန်းမြင့် စစ်ဘက်သုံးထရပ်ကား၏ နောက်ပိုင်းတွင် တပ်ဆင်ထားရှိသည်။ အဆိုပါ ထရပ်ကားတွင် မြင်းကောင်ရေ ၅၁၇ ရှိ Deutz ဒီဇယ်အင်ဂျင် တပ်ဆင်ထားသည်။ ယင်းကားသည် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၇၅ ကီလိုမီတာနှုန်းဖြင့် ၆၅၀ ကီလိုမီတာ အကွာအဝေးထိ အရှိန်နှုန်းမှန်မှန် မောင်းနှင်နိုင်သည်။

ပြီးခဲ့သည့် ၂၀၁၇ ဒီဇင်ဘာလက ကာတာစစ်တပ်သည် တရုတ်ထံကနေ SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်စနစ် ဝယ်ယူခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ တစ်နှစ်တည်းမှာပင် ကာတာ အမျိုးသားနေ့ စစ်ရေးပြအခမ်းအနား ရီဟာဇယ်ပြုလုပ်စဉ်အတွင်း ယင်းဒုံးကျည်စနစ်ကို ထုတ်ပြခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly