လာလီဂါမှာ ဒုတိယမြောက် လစာလျော့ယူမယ့်အသင်းဖြစ်လာခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

လာလီဂါမှာ ဒုတိယမြောက် လစာလျော့ယူမယ့်အသင်းဖြစ်လာခဲ့တဲ့ ရီးယဲလ်မက်ဒရစ်
Photo: EPA

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘာစီလိုနာ ကစားသမားတွေ လစာလျော့ယူဖို့ သဘောတူညီခဲ့ပြီလို့ သတင်းတွေ ထွက်လာပြီးနောက်မှာ ရီးယဲလ်အသင်း ကစားသမားတွေကလည်း COVID-19 ကာလအတွင်း လစာလျော့ယူဖို့ သဘောတူညီခဲ့ကြပြီလို့ စပိန်သတင်းစာတွေက ဖော်ပြနေကြပါပြီ။

ရီးယဲလ်အသင်းရဲ့ကိုယ်ပိုင်ဝက်ဆိုက်မှာလည်း ကစားသမားတွေဟာ သူတို့ရဲ့လစာငွေကို ၂၀ ရာခိုင်နှုန်းအထိ လျော့ယူဖို့ သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားပြီး တချို့ကစားသမားတွေကတော့ လစာရဲ့(၁၀)ရာခိုင်နှုန်းကိုသာ လျော့ယူဖို့ သဘောတူညီခဲ့ကြပါတယ်။

ဘာစီလိုနာ ကစားသမားတွေဟာ သူတို့လစာရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို လျော့ယူဖို့ သဘောတူခဲ့ကြချိန်မှာ ရီးယဲလ်အသင်းကစားသမားတွေကတော့ လစာရဲ့ ၂၀ရာခိုင်နှုန်းကို လျော့ယူဖို့တောင် အကျိတ်အနယ် ဆွေးနွေးခဲ့ကြရတယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။

ရီးယဲလ်အသင်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ ရီးယဲလ်အသင်းရဲ့ ဘောလုံးအသင်းနဲ့ ဘက်စကက်ဘောအသင်းရဲ့ စီနီယာ ကစားသမားတွေနဲ့ နည်းပြတွေဟာ လစာငွေကို ၁၀ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်းကြား လျော့ယူဖို့ သဘောတူခဲ့ကြပြီး အသင်းဒါရိုက်တာတွေနဲ့ ဆွေးနွေးခဲ့ကြပြီးပြီလို့ ဖော်ပြထားပါတယ်။ ကစားသမားတွေက ဘောလုံးပွဲတွေ ပြန်လည်မစတင်နိုင်သေးတဲ့အချိန်အထိ လစာငွေကို လျော့ယူပေးကြမှာဖြစ်ပြီး ရီးယဲလ်အသင်းအနေနဲ့ ဝင်ငွေမရနိုင်တဲ့ လက်ရှိအခြေအနေမှာ အခုလို ကူညီပေးကြလို့ ကျေးဇူးတင်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

COVID-19 ကြောင့် ဝင်ငွေမရဖြစ်နေတဲ့ ကလပ်အသင်းတွေရဲ့ အနေအထားကြောင့် တာဝန်ရှိသူတွေဟာ အသင်း ကစားသမားတွေကို လစာလျော့ယူဖို့ ညှိနှိုင်းနေကြပြီး တချို့လိဂ်တွေမှာတော့ ညှိနှိုင်းမှုတွေ အဆင်ပြေခဲ့ပါပြီ။

ပရီးမီးယားလိဂ်မှာတော့ ကစားသမားတွေ လစာလျော့ယူဖို့အတွက် ညှိနှိုင်းမှုတွေ အဆင်မပြေသေးသလို ပြင်သစ်လိဂ်ကလပ်တွေကတော့ ကစားသမားတွေရဲ့ လစာကို ပုံမှန်အတိုင်းပဲ ပေးချေသွားမယ်ဆိုတဲ့အကြောင်း အသိပေးခဲ့ပါတယ်။

ချန်ပီယံရှစ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ဆီ တန်းတက်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လိဒ်ယူနိုက်တက်အသင်းကစားသမားတွေကတော့ သူတို့ရဲ့ လစာငွေကို (၅၀)ရာခိုင်နှုန်းအထိ လျော့ယူဖို့ သဘောတူထားခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly