ဆီးချိုဝေဒနာရှင်တွေ COVID-19 အန္တရာယ်မသက်ရောက်အောင် ဘယ်လိုနေထိုင်ရမလဲ

ဆီးချိုဝေဒနာရှင်တွေ COVID-19 အန္တရာယ်မသက်ရောက်အောင် ဘယ်လိုနေထိုင်ရမလဲ

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

COVID-19 ကူးစက်ရောဂါကြီး ပြန့်နှံ့လာချိန်မှာ ရောဂါကူးစက်ခံရမှာကို လူတိုင်းနီးပါး စိုးရိမ်ပူပန်လာကြပါတယ်။ ဒီဝေဒနာကလည်း သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတာတွေ၊ ကိုယ်ခံအားစနစ် အားနည်းတာတွေရှိနေရင် ပိုပြီး ထိခိုက်နိုင်တယ်လို့ ဆိုထားပါတယ်။

ဒီတော့ ဒီလို ဝေဒနာတွေ၊ လက္ခဏာတွေ ရှိနေသူတွေကတော့ ပိုပြီး စိုးရိမ်ပူပန်နေမှာ အသေအချာပါပဲ။ အသံကြားတာနဲ့တင် လူတွေ ကြောက်တဲ့ ရောဂါထဲမှာ ဆီးချို လည်း ပါပါတယ်။ ဆီးချိုဖြစ်နေရင် အစားအသောက်တွေ ရှောင်နေရ၊ ထိခိုက်ဒါဏ်ရာရမှာ ပူရတဲ့အကြားထဲ ခုလို COVID-19 ကိုပါ ထပ်တိုး စိတ်ပူနေရတာတွေကြောင့် ဝေဒနာရှင်တွေအတွက်တော့ စိတ်ပင်ပန်းမှုပို ကြုံရနိုင်ပါတယ်။

ပူပန်နေသူတွေကိုလည်း အပြစ်တင်လို့မရပါဘူး။ လေ့လာချက်တွေအရလည်း COVID-19 ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုတွေထဲမှာ ဒုတိယ အန္တရာယ်အပေးနိုင်ဆုံး ရောဂါက ဆီးချိုရောဂါဖြစ်နေပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အသက်ဆုံးရှုံးခဲ့သူစုစုပေါင်းရဲ့ ၃၅.၅% မှာ ဆီးချိုဝေဒနာခံစားနေသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး သိထားရမယ့်အချက်ကတော့ ဆီးချိုရှိတိုင်း COVID-19 ကူးစက်ခံရနိုင်တာမဟုတ်သလို အသက်ဆုံးရှုံးနိုင်တယ်လို့လည်း ဆိုလိုတာမဟုတ်ပါဘူး။ သတိထားဖို့ လိုအပ်တဲ့ အခြေအနေဖြစ်နေရုံသာဖြစ်ပါတယ်။

တကယ်လို့ ကိုယ့်မှာ ဆီးချိုဝေဒနာရှိနေတယ်ဆိုရင် ဒီလိုကာလမျိုးမှာ ယခင်ကထက်ပိုပြီး ဂရုတစိုက်နေထိုင်ပေးဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဂရုစိုက်မှုတွေ၊ ရောဂါကာကွယ်ရေး အစီအမံတွေကိုလိုက်နာရင် စိတ်အေးချမ်းသာစွာနဲ့ နေထိုင်လို့ရပါတယ်။
ဆီးချိုဝေဒနာရှင်တွေက အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေ

ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေအရဆိုရင် အောက်ပါနည်းလမ်းတွေက ဆီးချိုဝေဒနာရှင်တွေ ရောဂါကူးစက်မခံရအောင် အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေလို့ ဆိုထားပါတယ်။

  •     ဆီးချိုသွေးတိုးအခြေအနေကို နေ့စဉ် ပုံမှန်စစ်ဆေးပေးပါ။ အထူးသဖြင့် စိတ်ဖိစီးမှုများနေချိန်တွေမှား စစ်ဆေးစောင့်ကြည့်မှုလုပ်ပါ။
  •     ပုံမှန် မှီဝဲရမယ့် ဆေးဝါးတွေကို လုံလောက်စွာ ဖြည့်တင်းထားပါ။ ဆေးဝါးပြတ်လတ်မှုမဖြစ်ဖို့က အရမ်းကို အရေးကြီးပါတယ်။
  •     ပတ်ဝန်းကျင်၊ ဆရာဝန် စတာတွေနဲ့ အဆက်အသွယ်မပြတ်အောင် နေပါ။ ဖုန်းကနေပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာကနေပဲဖြစ်ဖြစ်၊ Facetime တို့ Zoom တို့ကနေပဲဖြစ်ဖြစ် အဆက်အသွယ် ပုံမှန်လုပ်နေတာက ကိုယ့် ကျန်းမာရေးအခြေအနေကို သူတို့ သတိထားမိအောင် အသိပေးရာရောက်တာမို့ အကူအညီလိုအပ်လာရင်လည်း အဆင်ပြေနိုင်ပါတယ်။
  •     ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အစားအစာမျိုးတွေ ဖြည့်ဆည်းထားပါ။ ကိုယ်အိမ်ထဲမှာ ဘယ်လောက် ကြာကြာနေရမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အချိန်ကာလတစ်ခုစာ ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အစားအသောက်လေးတွေ ဖြည့်ဆည်းထားနိုင်ရင် ကျန်းမာရေးအတွက် အထောက်အကူကောင်းတစ်ခုဖြစ်လာမှာပါ။
  •     ကာဘိုဟိုက်ဒြိတ်ကို မမေ့ပါနဲ့။ တချို့သော အချိုဓာတ်ပါဝင်တဲ့ အစားအစာတွေဟာ ကိုယ်တွင်းမှာ ကာဘိုဟိုက်ဒြိတ်ဓာတ်ဖြည့်တင်းပေးဖို့အတွက် အတိုင်းအတာတစ်ခုအထိ စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီအတွက် ကျွမ်းကျင်သူတွေနဲ့ ကြိုတင်တိုင်ပင်ထားပြီး ပြင်ဆင်ထားသင့်ပါတယ်။ ကာဘိုဟိုက်ဒြိတ်ဓာတ်ကျဆင်းပြီး သွေးတွင်း သကြားဓာတ်အလွန်နည်းနေရင်လည်း အဖျားဝေဒနာတွေကို ပြန်လည်တုန့်ပြန်ဖို့ အခက်တွေ့နိုင်တာကြောင့်ပါ။
  •     အစားအစာတွေကို စားချင့်စဖွယ် ပြင်ဆင်ပါ။ ဆီးချိုသမားတွေအတွက် အစာစားရာမှာ ပျင်းရိငြီးငွေ့ပြီး စားချင့်စဖွယ် မရှိတတ်တာများပါတယ်။ နှလုံးနဲ့ ဆီးချိုးသမားတွေအနေနဲ့ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေနဲ့ အစားအစာတွေကို စီမံစားသောက်ရာမှာ စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်စားသောက်ဖို့ American Diabetes Association ကလည်း တိုက်တွန်းထားပါတယ်။ အစာစားချင်စိတ်ပျောက်ဆုံးလာရင် ဖျားဖို့နာဖို့ ပိုနီးစပ်တာကြောင့်ပါ။
  •     နေ့စဉ်လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာနဲ့ စိတ်ဖိစီးမှုကို လျှော့ချရမှာ အထူးအသုံးဝင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပုံမှန်ေ့လကျင့်ခန်းလုပ်၊ အစားအသောက်မှန်မှန်စားနေမယ်ဆိုရင် ကိုယ်ခံအားစနစ် ကောင်းမွန်နေမှာဖြစ်ပြီးတော့ CODVID-19 ကူးစက်ခံရနိုင်ချေနည်းပါးပြီး ကူးစက်ခံရရင်တောင် ပြန်လည်တိုက်ထုတ်နိုင်ဖို့ အခွင့်အလမ်းများနေမှာဖြစ်ပါတယ်။
  •     အိပ်ရေးဝဝ အိပ်ပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့ဆိုရင် အားရှိနေဖို့လိုအပ်ပါတယ်။ အစားအသောက်ကို အာဟာရပြည့်ဝအောင်စားမယ်။ အိပ်ချိန် မှန်မှန်နဲ့ အိပ်ရေးဝဝ အိပ်မယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာပါ။
  •     သတင်းတွေနဲ့ အဆက်မပြတ်ပါစေနဲ့။ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ အဆက်မပြတ်အောင်နေရပါမယ်။ တစ်ခါတစ်ရံမှာ သတင်းအချက်အလက်တွေဟာ ပြောင်းလဲနေတတ်ပြီး ကိုယ့်ကျန်းမာရေးအခြေအနနဲ့ စပ်ဆိုင်တာတွေ ပါဝင်နေနိုင်တာကြောင့်ဖြစ်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေအနေနဲ့ အထက်ပါ နည်းလမ်းတွေကို ကျင့်သုံးတဲ့အပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အိမ်ပြင်မထွက်ဖို့၊ လက်ပုံမှန်ဆေးဖို့ စတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကိုလည်း လိုက်နာမယ်ဆိုရင် ရောဂါကိုယ့်ဆီ ကူးစက်မလာအောင် အကောင်းမွန်ဆုံးကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly