အစိုးရက ဘယ်လို အိမ်သုံး လျှပ်စစ်ယူနစ် ၁၅၀ ကို အခမဲ့ပေးတာလဲ

အစိုးရက ဘယ်လို အိမ်သုံး လျှပ်စစ်ယူနစ် ၁၅၀ ကို အခမဲ့ပေးတာလဲ
ပုံ-လျှပ်စစ် မီတာဖတ်နေသူ(ပုံ-ငါးသိုင်းချောင်းမြို့ လျှပ်စစ်ရုံး Fb)

ရန်ကုန်၊ ဧပြီ 9

COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းပြီး ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေး အဖွဲ့ အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမပါ)အတွက် အိမ်သုံးအမျိုး အစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၅၀ ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် ဧပြီလကုန်အထိ ပေးသွားမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီ ၆ ရက်တွင် အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၅၀ ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) အား ဧပြီလကုန်အထိ ပေးသွားမည့် အစီအစဉ်နဲ့ ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် အသိပေးချက် ဆက်လက် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၅၀ ယူနစ်အထိ ငွေကြေး ကောက်ခံမှု ကင်းလွတ် ခွင့် (အခမဲ့) အစီအစဉ်သည် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးစွဲခဲ့သော လျှပ်စစ် ဓာတ်အား သုံးစွဲမှု အပေါ် ကင်းလွတ်ခွင့် ပြုမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ သုံးစွဲသူ ပြည်သူများအနေဖြင့် သုံးစွဲမှု ယူနစ်အလိုက် ဓာတ်အားခ ကျသင့်ငွေနှင့် မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်သည် ဟု ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်တွင် “ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ် အားသုံးစွဲမှုတွင် နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံး တစ်ခဲ တည်း(အိမ်သုံး)၊ စီးပွားရေးလုပ်ငန်း ပါဝင်သော ဘာသာ/သာသနာ အဆောက်အအုံ စသည့် အမျိုးအစား များ ပါဝင်ပြီး ဓာတ်အားခ နှုန်းထားများ အနေဖြင့် ယူနစ်အလွှာနှင့် နှုန်းထားများအား ၁ ယူနစ် မှ ၃၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်နှင့် ၂၀၁ ယူနစ်နဲ့အထက်အား ၁၂၅ ကျပ် ကောက်ခံလျက် ရှိသည်”ဟု ဖော်ပြထားသည်။

ယူနစ် ၁၅၀ နှင့်အထက် သုံးစွဲသူများ အနေဖြင့် ယူနစ် ၁၅၀ အတွက် ဓာတ်အားခ ကျသင့်ငွေ ၁၁၅၀၀ ကျပ် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ကြောင်း သိရသည်။

သို့သော် အိမ်သုံး မဟုတ်သည့် အမျိုးအစားတွင် ပါဝင်နေသည့် စက်မှု လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ၊ တစ်လုံး တစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာန အဖွဲ့အစည်းများ၊ နိုင်ငံပိုင် စက်မှု လုပ်ငန်းများ၊ နိုင်ငံ ပိုင် စီးပွားရေး လုပ်ငန်းများ၊ မြစ်ရေ တင် လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြား သံရုံးများနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများ အနေဖြင့် ကင်းလွတ်ခွင့် (အခမဲ့) အစီအစဉ်တွင် ပါဝင်မှု ရှိမည်မဟုတ်ဘဲ ယခင် သတ်မှတ်နှုန်း ထားအတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

သို့ပေမယ့် အိမ်သုံး မဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများ အနေဖြင့်မူ အထူး ကိစ္စရပ်အနေဖြင့် လျှပ်စစ်သုံးစွဲမှု ယူနစ် ၁၅၀ အထိ ကင်းလွတ်ခွင့် (အခမဲ့) ပြုမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မီတာဖတ် စာရေးများ အနေဖြင့် လစဉ် ဖတ်ရှုရမည့် ရက်များအတိုင်း ဖတ်ရှုမှတ်သား၍ ဖြန့်ဝေရမည့် မီတာဘေလ်များကို ပုံမှန်အတိုင်း ဖြန့်ဝေပေးသွားမည်ဖြစ်ကာ မီတာဘေလ်များတွင် သုံးစွဲသည့် ယူနစ်များ အလိုက် ကင်းလွတ်ခွင့်(အခမဲ့) ခံစားခွင့်ပြုမည့် ငွေပမာဏကို နှုတ်ပယ်ပေးသွားမည်ဖြစ်ပြီး မီတာဘေလ်များအား သုံးစွဲ သူများမှ သိမ်းဆည်းထားရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပြီး နိုင်ငံတွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု အမြင့်ဆုံးပမာဏ မဂ္ဂါဝပ် ၃၇၀၀ ခန့်ရှိကာ အထူးသဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှု အများဆုံး ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးလျှပ်စစ်မီး အမျိုးအစားအနေဖြင့်  အိမ်ထောင်စုတစ်စုကို ပျှမ်းမျှ တစ်လ သုံးစွဲမှု ယူနစ် ၁၅၀ နှင့် ၂၀၀ ကြားရှိပြီး လျှပ်စစ်မီး သုံးစွဲသူ ဦးရေ ၁၂ သိန်း ၉ သောင်းကျော် ရှိနေပြီး တစ်လလျှင် သုံးစွဲမှု ယူနစ် ၂၅၂.၅ သန်းရှိကြောင်း၊ အိမ်သုံး မဟုတ်သည့် အမျိုးအစား အနေဖြင့် လျှပ်စစ်မီး သုံးစွဲသူ ဦးရေ ၁ သိန်း ၃ သောင်း ကျော်ရှိကာ တစ်လလျှင် သုံးစွဲမှု ယူနစ် ၃၈၉.၆ သန်း ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဧပြီ ၇ ရက်က ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly