ကန့်ကွက်မှုတွေ ရှိတဲ့ကြားမှ နိုင်ဂျီးရီးယားသို့ တရုတ်ဆေးပညာရှင်အဖွဲ့ ရောက်ရှိ

ကန့်ကွက်မှုတွေ ရှိတဲ့ကြားမှ နိုင်ဂျီးရီးယားသို့ တရုတ်ဆေးပညာရှင်အဖွဲ့ ရောက်ရှိ

ဧပြီ ၉

နိုင်ဂျီးရီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်းတွေက စိတ်ဆိုးဒေါသနဲ့ ဝေဖန်ကန့်ကွက်နေတဲ့ကြားက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး တိုက်ဖျက်ရေးမှာ ကူညီဖို့ တရုတ်ဆေးပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ အနောက်အာဖရိက နိုင်ဂျီးရီးယားနိုင်ငံဆီ ရောက်ရှိလာပါတယ်။

လေယာဉ်အပြည့် ဆေးဝါးထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ပြီးနောက်မှာ အဘူဂျာလေဆိပ်ဆီ ရောက်ရှိလာတဲ့ ၁၅ ဦးပါ တရုတ်ဆေးပညာရှင်အဖွဲ့ကို အကြီးတန်းတာဝန်ရှိသူတွေက ကြိုဆိုကြပါတယ်။

COVID-19 ရောဂါစတင်ဖြစ်ပွားပေါ်ပေါက်ရာ တရုတ်နိုင်ငံဟာ ၎င်းရဲ့ ပုံရိပ်ကို ပြန်လည်အရောင်တင်နိုင်ရေးအတွက် ကမ္ဘာ့အနှံ့ဆီ ဆေးပညာရှင်တွေနဲ့ အထောက်အပံ့တွေ ဖြန့်ဝေပေးပို့လျက် ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ဂျီးရီးယားနိုင်ငံဆီ အခု ဆေးပညာရှင်တွေ စေလွှတ်ရာမှာတော့ နိုင်ငံရဲ့ အကြီးဆုံး ဆေးပညာရှင်သမဂ္ဂက စိတ်ဆိုးဒေါသထွက်စွာ ကန့်ကွက်ထားကြတာ ဖြစ်ပါတယ်။

အာဖရိကရဲ့ လူဦးရေအများဆုံး နိုင်ဂျီးရီးယားနိုင်ငံဆီ ခုလို တရုတ်ဆေးပညာရှင်တွေ လာရောက်မယ့် အစီအစဉ်ဟာ မနှစ်မြို့ဖွယ် အခြေအနေအောက်မှာ ရောဂါတိုက်ဖျက်ရေး တိုက်ပွဲဝင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအ တွက် ရှက်ဖွယ်ရာ ဖြစ်စေတယ်လို့ နိုင်ဂျီးရီးယားဆေးပညာရှင်အသင်းက တနင်္ဂနွေနေ့မှာ ဝေဖန်ရှုတ်ချခဲ့ပါတယ်။

“တရုတ်ဆရာဝန်တွေကို ဖိတ်ခေါ်ဖို့ အစိုးရက ဆက်လက် လုပ်ဆောင်တယ်ဆိုရင်တော့ ရှေ့တန်းမှာ ရောဂါတိုက်ရေး စွမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာပဲ ဖြစ်တယ်။”လို့ ထုတ် ပြန်ချက်မှာ ဝေဖန်ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေကတော့ တရုတ်ဆေးပညာရှင်အဖွဲ့ဟာ ကပ်ရောဂါဘေး ကိုင်တွယ်ဖြေရှင်းရေးမှာ ဌာနေအာဏာပိုင်တွေကို အကြံဉာဏ်တွေ ပေးပြီး ကူညီသွားမှာဖြစ်တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် လူပေါင်း ၂၅၄ ဦး ကူးစက်ခံရပြီး ခြောက်ဦး သေဆုံးပြီဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ အားနည်းတဲ့ ကျန်းမာရေးစနစ်နဲ့ လူဦးရေသိပ်သည်းဆ မြင့်မားတာကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအတွက် ခုခံစွမ်းအား အလွန်နည်းပါးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required