မြန်မာ့ နိုင်ငံရေး ပါတီများ လူ့အခွင့်အရေးကို လျစ်လျူရှုထား

မြန်မာ့ နိုင်ငံရေး ပါတီများ လူ့အခွင့်အရေးကို လျစ်လျူရှုထား

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည့် အဓိကကျသည့် လူ့အခွင့်အရေး ကိစ္စများကို ဦးစားပေးရန် ပျက်ကွက်နေသည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ FIDH  က ထုတ်ပြန်သော အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

မြန်မာ့နိုင်ငံရေးပါတီများနှင့် ယင်းတို့၏လူ့အခွင့်အရေး ကတိပြုချက်များဟု အမည်ပေးထားသည့် အစီရင်ခံစာသည် မြန်မာ့ နိုင်ငံရေးပါတီများ၏ ရပ်တည်ချက် သဘောထားများကို ပထမဆုံး လေ့လာမှုဖြစ်သည်။

"နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ နိုင်ငံရေး ပါတီတွေဟာ သူတို့ရဲ့ ပေါ်လစီတွေနဲ့ အသင်းအပင်း အဖွဲ့အစည်းဆိုင်ရာ မလိုမုန်းထားမှုတွေကို သိသိသာသာ ပြောင်းလဲဖို့ လိုပါလိမ့်မယ်။ လူ့အခွင့်အရေးကို ရှေ့တန်းမတင်သရွေ့ မြန်မာနိုင်ငံဟာ စိန်ခေါ်မှု အဟောင်းတွေရဲ့  နွံထဲမှာ နစ်နေအုံးမှာပဲ"ဟု FIDH ဥက္ကဋ္ဌ ကာရင်မ်လာဟစ်ဂျီက ပြောသည်။

ရိုဟင်ဂျာ ဆိုသူများအပေါ် ခွဲခြားဆက်ဆံမှုအား ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေးပါတီ ၄၂ ရာခိုင်နှုန်းက ကတိကဝတ်ပေးရန် ငြင်းဆိုခဲ့ကြသည်ဟု စစ်တမ်းက တွေ့ရှိခဲ့သည်ဟုလည်း FIDH က ဆိုသည်။

အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေများဟု လွဲမှားစွာ အမည်တပ် ထားသော မကြာသေးမီက ပြဋ္ဌာန်းခဲ့သော ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ဆန့်ကျင်သော အခြားဥပဒေများကို ရုပ်သိမ်းရန် လိုလားသော တုံ့ပြန်မှုများမှာလည်း ပါတီများကြား အကန့်အသတ်ဖြင့်သာ ထောက်ခံမှုရရှိခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖေါ်ပြသည်။

ပါလီမန်ရေးရာများတွင် စစ်တပ်၏ အခန်းကဏ္ဍကို ကိုင်တွယ်ရန်နှင့် စစ်တပ် ဘတ်ဂျက် များပြားမှုကို ထိန်းချုပ်ရန် နိုင်ငံရေးပါတီများက အံ့သြလောက်အောင် ဝန်လေးနေသည်ဟုလည်း ဆိုသည်။

ထို့အပြင် မကြာမီ သက်တမ်း ကုန်ဆုံးတော့မည့် လွှတ်တော်သည်လည်း အဓိက လူ့အခွင့်အရေး ပြဿနာများ တည်ရှိနေမှုကို အသိအမှတ်ပြုရန် ဆန္ဒမရှိကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။
 

"လွှတ်တော်သစ်ဟာ စနစ်ဟောင်းကနေ ပြတ်ပြတ်သားသားခွဲထွက်ပြီး စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးကို ဦးဆောင်မှုပေးရပါမယ်။ ရှေ့ဆက်ရမဲ့ ပထမဆုံးခြေလှမ်းဟာ ခွဲခြားဆက်ဆံမှုနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက်ဖြစ်ပေါ်စေတဲ့ ဥပဒေတွေကို ရုပ်သိမ်းရေး ဖြစ်သင့်ပါတယ်" ဟု FIDH အတွင်းရေးမှူးချုပ်နှင့် ALTSEAN-Burma ငြိနှိုင်းရေးမှူး ဒက်ဘီစတော့သာ့ဒ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags