Quarantine ဝင်နေသူများ  လူကယ်ပြန်ဝန်ကြီးဌာနနှင့် နှစ်သိမ့်ဆွေးနွေးမှုခံယူနိုင်

Quarantine ဝင်နေသူများ  လူကယ်ပြန်ဝန်ကြီးဌာနနှင့် နှစ်သိမ့်ဆွေးနွေးမှုခံယူနိုင်

ဧပြီ၈၊ ရန်ကုန်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ရောဂါ (COVID-19) ကြောင့် နေအိမ်၊ဟိုတယ်နှင့်ဆေးရုံများတွင် ၁၄ရက် အသွားအလာကန့်သတ်ခံထားရသူများအနေဖြင့် စောင့်ကြည့်စဉ်ကာလအတွင်း စိတ်ဖိစီးမှုများ ခံစားနေရပါက လူမှုယန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အခမဲ့ဆက်သွယ်ကာ နှစ်သိမ့်ဆွေးနွေးမှုကို ခံယူနိုင်ကြောင်း ယင်းဝန်ကြီးဌာနက ဧပြီ၇ရက်နေ့က ထုတ်ပြန်ထားသည်။

နှစ်သိမ့်ဆွေးနွေးမှု ခံယူသူများ၏ သတင်းအချက်အလက် ပေါက် ကြားမှုမရှိစေရေးအတွက် အထူးအလေးထား ကာကွယ်သွားမည်ဖြစ်ပြီး အခြားလူမှုရေးနည်းလမ်းဖြင့်လည်း ကူညီဆောင်ရွက်ပေးရန်လိုအပ်လာပါက ဆက်လက်ချိတ်ဆကဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်သွယ်လိုသူများအနေဖြင့် နေ့စဉ် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သတ်မှတ်ထားသော အော်ပရေတာများသို့ မိမိအသုံးပြုသော ဖုန်းအော်ပရေတာဖြင့် အခမဲ့ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ယနေ့(ဧပြီလ ၈ရက်နေ့)တွင် ထုတ်လွှင့်ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြည်သူများနှင့် တိုက်ရိုက်ဆွေးနွေးခန်းတွင်လည်း အသွားအလာ ကန့်သတ်ခံထားရသည့် လက်လုပ်လက်စား ပြည်သူများ၊ ဝင်ငွေမရှိသူများအနေဖြင့် စိတ်ဓာတ်ရေးရာနှင့် ပတ်သတ်၍ ဆက်သွယ်နိုင်ကြောင်း ပြောဆိုထားသည်။

“အိမ်ထဲက မထွက်ရတာဟာ သူတို့အတွက် အင်မတန်မှစိတ်ဖိစီးမှု ဖြစ်ရတယ်ဆိုရင် လူကယ်ပြန်ဝက်ဘ်ဆိုက်မှာ ဖုန်းနံပါတ်တွေပါ တင်ထားပါတယ်။အဲ့ဒီမှာ ဆွေးနွေးပေးမယ့် သူတွေက သေသေချာချာလေ့ကျင့်ထားသူတွေပါ။ရိုးရိုးစေတနာ့ဝန်ထမ်းတွေ မဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုသို့ နှစ်သိမ့်ဆွေးနွေးမှုကိုခံယူလိုသူများအနေဖြင့် လက်ရှိအသုံးပြုနေသော အော်ရီဒူး၊ မိုင်တဲ၊ တယ်လီနော၊ MPT စသည့်  မိုဘိုင်းကွန်ယက်များမှတဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သတ်မှတ်ထားသည့် ဖုန်းနံပါတ်များသို့ ကူးစက်ကပ်ရောဂါဘေး ရင်ဆိုင်နေရစဉ်ကာလအတွင်း အခမဲ့ခေါ်ဆိုနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly