အစာငတ်ခံဆန္ဒပြ ကျောင်းသားများ ထပ်တိုး ထောင်အာဏာပိုင်တို့ ရေအလုံအလောက် မပေး

အစာငတ်ခံဆန္ဒပြ ကျောင်းသားများ ထပ်တိုး ထောင်အာဏာပိုင်တို့ ရေအလုံအလောက် မပေး

နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးရန် ထောင်တွင်း ဆန္ဒပြ တောင်းဆိုနေသည့် ကျောင်းသား ကိုအောင်မှိုင်းဆန်း အပြင်၊ ဖမ်းဆီးခံကျောင်းသား ခြောက်ဦးက ထောင်အတွင်း ထပ်မံ အစာအငတ်ခံ ဆန္ဒပြနေပြီး၊ ထောင်အာဏာပိုင်တို့က ရေအလုံအလောက်မပေးဟု ကိုအောင်မှိုင်းဆန်း၏ အမျိုးသမီး မလဲ့လဲနွယ်က ပြောသည်။

ကိုအောင်မှိုင်းဆန်းနှင့်အတူ အစာအငတ်ခံ ဆန္ဒပြသူ ကျောင်းသားများ အပါအဝင် လက်ပံတန်း ကျောင်းသားသပိတ်အတွင်း ဖမ်းဆီးခံရသူ ကျောင်းသားများကို နိုဝင်ဘာ ၃ရက်တွင် ၂၄ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

"ကိုအောင်မှိုင်းဆန်း ကျန်းမာရေးက အရင်လိုမဟုတ်တော့ဘူး။ မောတယ်၊ ပျို့အန်တယ်၊ မူးတယ်၊ တစ်ခြား ကျောင်းသား ၆ယောက်ကိုလည်း တိုက်ခွဲထားတယ်။ တစ်ယောက် တစ်တိုက်စီ၊ မျိုးမြတ်စံဆိုရင် ၃ရက်လောက် ရေမရဘူး။ အတင်းတောင်းမှ ရေပေးတယ်" ဟု မလဲ့လဲနွယ်က ပြောသည်။

နိုင်/ကျဉ်းအားလုံး လွှတ်ပေးရေးအတွက် ကိုအောင်မှိုင်းဆန်းက အောက်တိုဘာ ၂၁ ရက်တွင် စတင်ကာ တစ်ခြားကျောင်းသားသုံးဦးဖြစ်သည့် မျိုးမြတ်စံ၊ သန်းထိုက်တို့က အောက်တိုဘာ ၂၈ ရက်တွင် စတင်၍၊ မာနော်၊ ဖြိုးဓန၊ ဆွေလင်းထွန်းနှင့် ကျော်စွာလင်းတို့က နိုဝင်ဘာ ၂ ရက်တွင်အသီးသီး ထောင်တွင်း အစာအငတ်ခံ ဆန္ဒပြကြခြင်းဖြစ်သည်။

နိုဝင်ဘာ ၃ရက်၊ ၂၄ကြိမ်မြောက် ရုံးထုတ်မှုတွင် ဖမ်းဆီးခံ ကျောင်းသားများကို သာမန် စစ်ဆေးမှုများသာပြုလုပ်ပြီး အမှုချိန်းများ ကြာမြင့်လာသော်လည်း အမိန့်ချမည့်ရက်ကို မသိရသေးကြောင်း ဝန်းရံကျောင်းသားများမှ သိရသည်။

အထက် မြန်မာပြည် မန္တလေးမှ ရန်ကုန်သို့ ချီတက်ကာ အမျိုးသားပညာရေး ဥပဒေ ပြုပြင် ပြောင်းလဲရေးအတွက် သပိတ်မှောက်ဆန္ဒပြခဲ့သည့် ကျောင်းသားများကို အစိုးရက ပဲခူးတိုင်း လက်ပံတန်းတွင် တားဆီးကာ၊ ၂၀၁၅ခုနှစ် မတ်လ ၁၀ရက်တွင် အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ကျောင်းသား ၁၀၀နီးပါးကို  ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဥပဒေ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀အစရှိသည်တို့နှင့် အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags