လစာထဲမှ မိသားစု ၁၀၀၀ ကို စားသောက်ကုန်များ လှူမည်ဟု ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးပြော

လစာထဲမှ မိသားစု ၁၀၀၀ ကို စားသောက်ကုန်များ လှူမည်ဟု ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးပြော
ပုံ- ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး (ပုံ- YGN အစိုးရ)

ဧပြီ ၈

လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေသူများအနက် မိသားစုဝင် ပေါင်း ၁၀၀၀ ကို သူ၏ လစာထဲကနေ အခြေခံ စားသောက်ကုန်များ လှူဒါန်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဧပြီ ၇ ရက်က သူ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက် နှာပေါ်ကနေလည်း ရေးသား အသိပေးထားသည်။

ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက “ကျွန်မတို့ ဒီစည်ပင်သာယာ ဧရိယာ ပြင်ပမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ ပြည်သူ တွေက ကျွန်မအစကတည်းက စာရင်းကောက်ထားတာ ရှိတယ်။ ဒါက အစောကတည်းက ကျွန်မဘာသာ ကျွန်မ ကောက် ထားတဲ့ စာရင်းပေါ့နော်။ အဆိုးဆုံး အခြေအနေတွေမှာ ရှိနေတဲ့ မိသားစုလေးတွေကို လိုက်ဝေမှာပါ”ဟု ပြောသည်။

ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး အနေနှင့် သူရရှိနေသည့် လစာဝင်ငွေထဲက ငွေကျပ် ၁၀ သိန်းကို မိသားစု ၁၀၀ အတွက် လှူဒါန်းမှာဖြစ်ပြီး ကျန် မိသားစု ၉၀၀ ကိုတော့ တခြား အလှူရှင်များ၏ စုပေါင်းအားနှင့် လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက “စည်ပင်ဧရိယာ ပြင်ပဆိုတော့ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ထန်းတပင်၊ တွံတေး၊ နောက် အင်းစိန် ကမ်းနားက ကျူးတွေကို လှူမယ်။ ကျွန်မမိသားစုက ၁၀ သိန်း၊ ကျွန်မက ၁၀ သိန်းနဲ့ ကျန်တာတော့ ကျွန်မနဲ့ ရင်းနှီးသူတွေ ပါဝင်မှာပေါ့”ဟု ပြောသည်။

လက်ရှိ လှူဒါန်းရန် လျာထားသော အခြေခံ စားသောက်ကုန်ပစ္စည်းများမှာ ဧည့်မထ အသွယ် ၆ ပြည်အပြည့်၊ နေကြာဆီ ၅၀ သား တစ်ဗူး၊ ကြက်သွန်နီ တစ်ပိဿ၊ ငါးသေတ္တာ တစ်ဗူး  စသည့် စားသောက် ကုန်ပစ္စည်းများဖြစ်ကြောင်း၊ ဧပြီ ၇ ရက်နေ့ စာရင်းအရ မိသားစု ၁၀၀၀ ကျော်စာ စားသောက်ကုန်ပစ္စည်းများ စုဆောင်း ရရှိထားပြီ ဖြစ်ကြောင်း ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

အဆိုပါ အခြေခံ စားသောက်ကုန်များကို We love Yangon အဖွဲ့မှ မှာယူခဲ့ခြင်းဖြစ်ပြီး စားသောက် ကုန်ပစ္စည်း လေးမျိုးပေါင်း ငွေကျပ် ၁၀၀၀၀ နှုန်း တန်ဖိုးရှိကြောင်း သိရသည်။

“နောက်ထပ် လှူမယ့်သူရှိလည်း လက်မခံနိုင်တော့ဘူး။ ကျွန်မက တစ်နိုင်တစ်ပိုင် လုပ်ဆောင်တာ ဖြစ်တာကြောင့်မို့။ ကျွန်မ ငွေသားလည်း လက်မခံဘူး၊ စာရင်းလည်း မကိုင်ဘူး။ တစ်ခါတည်း We Love Yangon ဘဏ်အကောင့်ထဲ လွှဲခိုင်းတာဖြစ်တယ်”ဟု ပြောသည်။

လာမည့် ဧပြီ ၁၂ ရက် (တနင်္ဂနွေနေ့)တွင် ပစ္စည်းများ လက်ခံရရှိပြီးသည်နှင့် စတင် သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

လက်ရှိ COVID-19 ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း  တစ်နိုင်ငံလုံး အတိုင်း အတာ အနေနှင့် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ (သင်္ကြန်ကာလအတွင်း) အပြင်မထွက်ကြရန် ထုတ်ပြန် တိုက်တွန်း ထား သည်။

ထို့အပြင် ထိုကာလအတွင်း စားဝတ်နေရေး အခက်တွေ့သူများကို နိုင်ငံတော်အစိုးရမှ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ ပေးသွားမည်ဟုလည်း အစိုးရက ထုတ်ပြန်ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly