Mask များ ဈေးမြှင့်ရောင်းနေသူများကို စီးပွားရေးသောင်းကျန်းသူဟု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ

Mask များ ဈေးမြှင့်ရောင်းနေသူများကို စီးပွားရေးသောင်းကျန်းသူဟု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
Photo: Myanmar State Counselor Office

ဧပြီ၈၊ ရန်ကုန်

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ဖြစ်ပွားနေသည့်အချိန်ကာလတွင် နှာခေါင်းစည်း (Mask)များကို ဈေးမြှင့်ရောင်းချနေသည်မှာ လုံးဝ မဖြစ်သင့်ဟုဆိုကာ စီးပွားရေးသောင်းကျန်းသူများဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချပြောဆိုလိုက်သည်။

ဧပြီလ (၈)ရက်နေ့က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မကွေးတိုင်းဒေသကြီးမှ ပြည်သူများ ဆွေးနွေးသည့် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

''မိသားစု တစ်စုချင်းက ကိုယ့်အတွက် မျက်နှာဖုံးတွေ လုံလောက်အောင် ကိုယ်တာဝန်ယူမယ်ဆိုရင် ကျန်းမာရေးအတွက်လည်းကောင်းတယ်၊ စီးပွားရေးသောင်းကျန်းသူတွေ အန္တရယ်ကိုလည်း ကာကွယ်မယ်၊ တချို့က ဒီအချိန်မှာ မျက်နှာဖုံးတွေကို ဈေးအရမ်းတင်ပြီးတော့ ရောင်းတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စ၊ ဒါဟာ တတ်နိုင်လို့ရှိရင် အလကားတောင်မှ လှူရမယ့်အချိန် ဒီတော့ အားလုံးကနေ ကိုယ့်မိသားစုအတွက် ဖူလုံအောင်လုပ်သွားမယ်ဆိုရင် ဒီစီးပွားရေးသောင်းကျန်းသူတွေဆီကလည်း သွားဝယ်စရာမလိုတော့ဘူး။’ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် (Mask ) နှာခေါင်းစည်းတစ်ခုကို စမ်းသပ်ချုပ်လုပ်နေကြောင်း သူ၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ပြည်သူများအနေဖြင့် နှာခေါင်းစည်း (mask) များကို ကိုယ်တိုင်ချုပ်လုပ်နိုင်ပါက ကျန်းမာရေးကိုလည်း ကာကွယ်နိုင်မည့်အပြင် စီးပွားရေးသောင်းကျန်းသူများ၏ အန္တရာယ်ကိုလည်း ကာကွယ်နိုင်မည်ဟု ပြောဆိုခဲ့သည်။

“ကိုယ်တိုင်ချုပ်တာတွေက အဆင့်မှီလားဆိုတာကိုတော့ စမ်းရပါမယ်၊ အဆင့်မမှီဘဲ အသုံးပြုလိုက်ရင်တော့ ဒါဟာ အန္တရာယ်ရှိပါတယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ရိုက်ဆွေးနွေးခန်းတွင် COVID-19 နှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးတွင် ပရဟိတလုပ်ဆောင်နေသူ ဦးအေးကိုကိုကလည်း ၎င်းတို့၏ ဒေသတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့သည်နှင့် မလောက်ငှမှု၊ ဈေးနှုန်းမြင့်မားမှု၊ ဝယ်ရခက်ခဲမှုများကြောင့် ကျန်းမာရေးဝန်ထမ်းများလျှင်ပင် နှာခေါင်းစည်း (Mask)၊ PPE မလောက်ငှမှုများ ဖြစ်ပေါ်နေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

“မကွေးမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတစ်ခုကို လှမ်းချိတ်ဆက်ပါတယ်။ Mask တစ်ခုကို ဘယ်လောက်နှုန်းနဲ့ လုပ်ပေးနိုင်မလဲဆိုပြီး သူက ၄၅ကျပ်လောက်နဲ့ ချုပ်ပေးနိုင်တယ်ပေါ့နော်၊ အဲ့တာနဲ့ ကျွန်တော်တို့က ပိုးသတ်ဖို့အတွက် ပေါင်းခန်းကိုလည်း မကွေးမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတွေ၊ သက်ဆိုင်ရာဆေးရုံတွေ အကူအညီတောင်းတော့ ခွင့်ပြုမယ် ပြောပါတယ်။ ကျွန်တော်တို့ထုတ်မယ့် Maskတွေဟာ စံနှုန်းမှီ၊ မမှီကို ဆုံးဖြတ်နိုင်တဲ့ အင်အားမရှိတဲ့အတွက် လောလောဆယ် ရပ်ဆိုင်းထားရပါတယ်။”ဟု ၎င်းက ပြောသည်။

လက်ရှိ ဈေးကွက်တွင် mask ဈေးနှုန်းများမှာ သုံးလွှာ ချုပ်လုပ်ထားသော mask တစ်ခုကို အနည်းဆုံး မြန်မာငွေ ၅၀၀ မှ အများဆုံး ၂၀၀၀ ကျော်ထိ ရှိနေပြီး N95 mask များမှာ မြန်မာငွေ ၄၀၀၀ ကျပ်မှ တစ်သောင်းကျော်အထိ ရှိနေသည်။

ဆေးပစ္စည်းအရောင်းဆိုင်တစ်ချို့အား မဇ္ဈိမမှ မေးမြန်းချက်ချက်အရ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လိုအပ်ချက်မြင့်မားနေသော ပစ္စည်းများဖြစ်သောကြောင့် ပြည်ပမှ ဝယ်ယူရသော ဈေးနှုန်းမှာပင် မြင့်မားနေကာ လိုအပ်ချက်ကိုပြည့်မှီအောင်ဖြည့်ဆည်းနိုင်ခြင်း မရှိသောကြောင့် ဈေးနှုန်းများ မြင့်မားနေရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအတွက် နှာခေါင်းစည်း Mask ၆.၃ သန်းကို ကျန်းမာရေးဝန်ကြီးဌာနက တဆင့် ဖြန့်ဝေ ပေးသွားရန်ရှိကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ ၅ ရက် ညနေပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required