ယာဉ်တိုက်မှုကြောင့် ဆေးရုံတင်ထားရတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ရီဆီ

ယာဉ်တိုက်မှုကြောင့် ဆေးရုံတင်ထားရတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ရီဆီ

လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ဂျွန်အာနီ ရီဆီနဲ့ သူ့ရဲ့အသက် ၁၉ နှစ်အရွယ် သမီးငယ်လေးတို့ဟာ နော်ဝေမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆေးရုံကို တင်ပို့ထားရတယ်လို့ The Sun က ဖော်ပြပါတယ်။

နှစ်ယောက်စလုံးက ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ကြပေမယ့် သူတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြရဆဲဖြစ်ပြီး ဆရာဝန်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေကြရဆဲပါ။

အသက် (၃၉)နှစ်ရှိပြီဖြစ်တဲ့ ရီဆီဟာ မနေ့က ည ၂ နာရီလောက်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းမဘေးမှာ တုံးလုံးလဲနေတဲ့ ကားကို ရဲတွေ တွေ့သွားခဲ့တာကြောင့် သူတို့ သက်သာရာ ရခဲ့တာပါ။

ဒီ မတော်တဆမှုက နော်ဝေနိုင်ငံ၊ လာစတက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သားအဖနှစ်ယောက်စလုံး ကြီးမားတဲ့ ဒဏ်ရာမရှိခဲ့ဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။

ရဲတွေက ဒီအမှုကို စုံစမ်းနေပေမယ့် ထိခိုက်ဒဏ်ရာရတဲ့ တခြားသူ မရှိတာကြောင့် အရေးယူလို့ မရပဲ အပြစ်ကနေ ကင်းလွတ်ခွင့်ရမယ့်ပုံပါ။

ဘောလုံးသမားဘဝကနေ ၂၀၁၇ ခုနှစ်က အနားယူခဲ့တဲ့ ရီဆီဟာ လက်ရှိမှာ နော်ဝေနိုင်ငံမှာ ဇနီးသည် အိန်ဂျယ်ကာနဲ့အတူ အခြေချနေထိုင်နေပြီး နည်းပြတစ်ယောက်အဖြစ် ပြန်လည်ရပ်တည်ဖို့ ကြိုးစားနေတာပါ။

လီဗာပူးလ်အသင်းနဲ့အတူ ၇ ရာသီကြာ ဖြတ်သန်းခဲ့ပြီး အဝေးကန်ချက်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ရီဆီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက UEFA ရဲ့ ဘီလိုင်စင် နည်းပြသင်တန်းကို အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပြီး နည်းပြလောကထဲ ဝင်ရောက်ဖို့ ကြိုးစားနေပြီဆိုတဲ့အကြောင်းကို ဖော်ပြသွားခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly