COVID-19 သည် ကမ္ဘာ့ကြီးစိုးရေး ကြိုးပမ်းမှုအစီအစဉ် တစ်စိတ်တစ်ဒေသ ဖြစ်နိုင်သည်ဟု ဘရာဇီးဝန်ကြီး၏ ပြောဆိုမှုအပေါ် တရုတ် အမျက်ဒေါသထွက်

COVID-19 သည် ကမ္ဘာ့ကြီးစိုးရေး ကြိုးပမ်းမှုအစီအစဉ် တစ်စိတ်တစ်ဒေသ ဖြစ်နိုင်သည်ဟု ဘရာဇီးဝန်ကြီး၏ ပြောဆိုမှုအပေါ် တရုတ် အမျက်ဒေါသထွက်

ဧပြီ ၈

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် ပေကျင်းအစိုးရက ကမ္ဘာကို ကြီးစိုးရေးအတွက် လုပ်ဆောင်သည့် အစီအစဉ်ဖြစ်နိုင်ကြောင်း ဘရာဇီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦး၏ ရေးသားပြောဆိုခဲ့မှုအပေါ် တရုတ်အာဏာပိုင်တို့ အမျက်ဒေါသထွက်လျက် ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ကမ္ဘာကို လွှမ်းမိုးရေး တရုတ်၏ အစီအစဉ်ဆိုပြီး လက်ယာယိမ်း ဘရာဇီးပညာရေးဝန်ကြီးက တွစ်တာပေါ်တွင် ချိတ်ဆက် ရေးသားပြောဆိုခဲ့ပြီးနောက် ယင်းကိစ္စနှင့်ပတ်သက်၍ ဘရာဇီး အစိုးရဘက်က ဖြေရှင်းချက်ပေးရေး တရုတ်တို့က တောင်းဆိုခဲ့သည်။

လက်ရှိ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းကြီး၏ နောက်ကွယ်တွင် တရုတ်တို့ ရှိနေသည်ဆိုပြီး ဘရာဇီးပညာရေးဝန်ကြီး အေဘရာဟမ် ဝိုင်းထရော့ဘ်က စောင်းပါးရိပ်ခြည် ပြောဆိုခဲ့မှုက နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တင်းမာစေသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်လာခဲ့သည်။

“ပထဝီ နိုင်ငံရေးအရဆိုရင် ဒီ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကနေ ပိုပြီး သန်သန်မာမာနဲ့ ထွက်ပေါ်လာမယ့်သူက ဘယ်သူများ ဖြစ်မလဲ” ဟု ဘရာဇီးဝန်ကြီးက ပြီးခဲ့သည့် ဧပြီ ၄ ရက်က တွစ်တာတွင် ရေးခဲ့သည်။ “ကမ္ဘာကို ကြီးစိုးဖို့အတွက် ဒီ မလွဲနိုင်တဲ့ အစီအစဉ်နဲ့ ဘရာဇီးမှာရှိတဲ့ ဘယ်သူကရော နှီးနွယ်ပတ်သက်နေသလဲ” ဆိုပြီး ၎င်းက ရေးခဲ့သည်။

မူရင်း ပေါ်တူဂီဘာသာစကားနှင့် ရေးထားသည့် ၎င်း၏ တွစ်တာ စာထဲတွင် “r” စာလုံး၏ နေရာတွင် “L” စာလုံးအကြီးနှင့် အစားထိုးထားသည်။ ဥပမာအားဖြင့် “Brazil” ကို “BLazil” ဟု ရေးထားခြင်းဖြစ်ပြီး ယင်းသည် တရုတ် လေသံတစ်ခုကို လှောင်ပြောင်ရာတွင် အသုံးပြုနေကျ ပုံစံတစ်ခု ဖြစ်သည်။

ယခုကဲ့သို့ ဘရာဇီးဝန်ကြီး ဝိုင်းထရော့ဘ်၏ တွစ်တာတွင် ရေးသားမှုက အဓိပ္ပာယ်မရှိဘဲ စက်ဆုပ်ဖွယ်ကောင်းသော ရေးသားမှုဟု ဘရာဇီးရှိ တရုတ်သံရုံးက ပြစ်တင်ရှုတ်ချခဲ့သည်။

“ခုကိစ္စနဲ့ပတ်သက်လို့ ဘရာဇီးဘက်က တရားဝင် ဖြေရှင်းချက်တစ်ရပ် ပေးလာလိမ့်မယ်လို့ တရုတ်အစိုးရဘက်က မျှော်လင့်ပါတယ်” ဟု တရုတ်သံအမတ် ယန်း ဝမ်မင်က တွစ်တာတွင် ရေးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly