COVID-19 လူနာအမှတ် ၁၆ ကွယ်လွန်

ဧပြီလ ၈

မြောက်ဥက္ကလာပဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရသော အသက် ၆၃ နှစ်အရွယ် ကိုဗစ်-၁၉ လူနာအမှတ် ၁၆ ကွယ်လွန်သွားပြီဟု ဒေါ်အောင်ဆန်းစုကြည်က  သူ၏လူမှုကွန်ယက်စာမျက်နှာ ယနေ့ထုတ်လွှင့်သော တိုက်ရိုက်စကားပြောခန်းတွင် ပြောဆိုခဲ့သည်။

ဧပြီလ (၈)ရက်နေ့က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မကွေးတိုင်းဒေသကြီးမှ ပြည်သူများ ဆွေးနွေးသည့် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြင့် သေဆုံးသော တတိယမြောက်ဖြစ်လာသော လူနာအမှတ် ၁၆ သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် ၆၃ နှစ်ရှိသူအမျိုးသမီးဖြစ်သည်။

“ပြောစရာရှိတာတော့ ပြောရမှာပဲ ဘာမဆို တူတူရင်ဆိုင်ရမယ် မြောက်ဥက္ကလာမှာ တင်ထားတဲ့ အသက် ၆၃နှစ် တစ်ယောက်ကလည်း ဆုံးသွားပါပြီ သူမှာအခြေခံအားဖြင့် ဆီးချို၊ သွေးချိုရှိတယ်၊ ရောဂါအခံရှိသူတွေ သတိ ထားကြပါ”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

လူနာအမှတ် ၁၆ သည် မတ်လ ၁၅ ရက်နေ့ ဒူဘိုင်းနိုင်ငံမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီးနောက် နောက်နှစ်ပတ်ခန့်အကြာတွင်မောပန်းနွမ်းနယ်ခြင်းခံ စားခဲ့ ရကာ ကိုယ်အပူချိန်မြင့် တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၃၁ ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့သည်။ ထို့နောက် ဧပြီ ၁ ရက်နေ့တွင်ပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုခဲ့သည်။

ယနေ့နံနက်အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်မြို့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေခဲ့ရသော လူနာအမှတ် ၁၇ လည်း ကွယ်လွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly