ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် ဂျပန်မှာ အရေးပေါ် အခြေအနေ ကြေညာ

ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် ဂျပန်မှာ အရေးပေါ် အခြေအနေ ကြေညာ

ဧပြီ ၈

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ဂျပန်နိုင်ငံက တစ်လကြာ နိုင်ငံတော်အရေးပေါ် အခြေအနေကို အင်္ဂါနေ့မှာ ကြေညာလိုက်ပေမယ့် ကမ္ဘာ့အခြားနေရာတွေလို တင်းကြပ်တဲ့ အဝင်အထွက်ပိတ် lockdown ချတာမျိုး မချမှတ်ခဲ့ပါ။

ကမ္ဘာ့စံနဲ့ ပြည့်မီခြင်းမရှိတဲ့ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကိုင်တွယ်ရေးနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး ဆေးပညာရှင်တွေကြားမှာလည်း နိုင်ငံရဲ့ ကျန်းမာရေးစနစ်က ဝန်နဲ့အား မမျှဘူးလို့ သတိ ပေးတာနဲ့အတူ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဖျက်အားပြင်းတဲ့ ငလျင်၊ ဆူနာမီနဲ့ နျူကလီးယားဓာတ်ပေါင်းဖို အရည်ပျော်ကျမှုတွေကို ရင်ဆိုင်ခဲရတဲ့ နိုင်ငံမှာ ပြည်သူတွေအနေနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိကြဖို့ အရေးပေါ်အခြေအနေ ကြေညာရာမှာ ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးက တိုက်တွန်းပြောဆိုပါတယ်။

“ကျွန်တော်တို့တွေ ကြီးမားတဲ့ အခက်အခဲကြီးတစ်ရပ်နဲ့ ထပ်မံ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် မျှော်လင့်ချက်နဲ့ အတူတူ လက်တွဲလုပ်ဆောင်သွားရမယ်ဆိုရင် ဒီ စိန်ခေါ်မှုကို ကျော်လွှားနိုင်ပြီး ရှေ့ဆက်တိုးသွားနိုင်မှာပဲ ဖြစ်ပါတယ်။”လို့ ရှင်ဇိုအာဘေးက ပြောပါတယ်။

“ကျွန်တော်တို့တွေ ဒီ ဗိုင်းရပ်စ်ကို အနိုင်ယူမယ်။ ခုခံတွန်းလှန်ကြမယ်။ အရေးပေါ်အခြေအနေရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ကို ကျော်လွှားနိုင်ရမယ်။”လို့ ၎င်းက ပြောပါတယ်။

အခု အရေးပေါ် အခြေအနေ ကြေညာချက်အရ တိုကျိုအပါအဝင် ဗိုင်းရပ်စ် ဖြစ်ပွားရာ ဒေသခုနစ်ခုက အုပ်ချုပ်ရေးမှူတွေအနေနဲ့ ပြည်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ထားဖို့ မေတ္တာရပ်ခံနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လိုက်နာအောင် ဥပဒေနဲ့ ထိန်းကွပ်တာမျိုး မရှိသလို လိုက်နာဖို့ ပျက်ကွက်သူတွေကိုလည်း အပြစ်ပေးအရေးယူတာမျိုး မရှိပါ။

“အရေးပေါ် အခြေအနေ ကြေညာပေမယ့်လည်း ပြည်ပနိုင်ငံတွေကလို အဝင်အထွက်ပိတ် lockdown ချတာမျိုးတော့ မဟုတ်ပါ။”လို့ အာဘေးက ပြောရင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ ဆက်လက်လည်ပတ်နေမှာ ဖြစ်သလို လမ်းတွေကိုလည်း ပိတ်ဆို့မှာ မဟုတ်ဘူးလို့ ၎င်းက ကတိကဝတ်ပြု ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly