အမေရိကန်ရောက် မြန်မာနှစ်ဦး COVID-19 ကြောင့် သေဆုံး

ရန်ကုန်၊ ဧပြီ ၇

အမေရိကန်ရောက် အနည်းဆုံး မြန်မာနှစ်ဉီး COVID-19 ကူးစက်ခံရတာကြောင့်သေဆုံးခဲ့ကြောင်း အမေရိကန်ရောက် မြန်မာ အသိုင်းအဝိုင်းက မဇ္ဈိမသို့ ပြောသည်။

ဧပြီ ၇ ရက်နေ့အထိနောက်ဆုံးသတင်းတွေအရ မြန်မာနှစ်ဦးသေဆုံးထားကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာနေထိုင်တဲ့ ဦးစိုင်းပန်ဆိုင်းကလည်းပြောသည်။

 “ အတိအကျတော့ နာမည်မသိပါ ဒါပေမယ့် နယူးယောက်မြို့က နှစ်ယောက်တော့ ဆုံးသွားပြီကြားရတယ်။ ဟုတ်ပါတယ်။ ဒီနေ့ အထိပေါ့နော်” ဟု ၎င်းကဆိုသည်။

  ဦးစိုင်းပန်ဆိုင်းနှင့် သူ့ဇနီးတို့ဟာ ပြီးခဲ့သည့် သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်လည်နေကောင်းလာကြသူများလည်းဖြစ်သည်။

 လတ်တလော သတင်းများအရ မြန်မာနိုင်ငံသားနှစ်ဦးသေဆုံးသည်ကိုကြားသိရသော်လည်း ကူးစက်မှုမြင့်မားနေသည့် အမေရိကန်တွင် မြန်မာဘယ်နှစ်ယောက် COVID-19 ကူးစက်ခံထားရသည်ကိုမူ မဇ္ဈိမမှအတည်မပြုနိုင်သေးပေ။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသာထွန်းကျော်သို့ ဆက်သွယ်ရာ အမေရိကန်ဘက်မှ အတိအကျ ကိန်းဂဏန်းဖြင့် ပေးပို့လာခြင်းမရှိ၍ မသိရကြောင်းဆိုသည်။

“ အတိအကျမသိရပါဘူး။ အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ကျွန်တော်တို့နိုင်ငံသားတွေလည်းအများကြီးရှိတာကို။ ကူးစက်တာကို‌တော့ကြားသိရပါတယ်။ သို့သော်လည်း ကိန်းဂဏန်းအတိအကျတော့ မသိရပါဘူးခင်ဗျ” ဟုပြောသည်။

ကမ္ဘာ့ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေသည့်အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် COVID-19 ကူးစက်ခံရသူ လူအများစုမှာ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးသောက်၍ ပြန်လည်သက်သာခြင်းမျိုးရှိနေပြီး အရေးပေါ်အခြေအနေမှသာ ဆေးရုံသွားတတ်ရသည့်အနေအထားမျိုးဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ ၁၂ သိန်းကျော်အထိရှိလာသည့်အနက် ကူးစက်ခံရသူ ၃၅၀၀၀၀ နီးပါးမှာ အမေရိကန်နိုင်ငံမှဖြစ်ပြီး အဆိုပါနိုင်ငံတစ်ခုတည်းတွင် သေဆုံးသူမှာ ၁၀၀၀၀ နီးပါးကပ်လာပြီဖြစ်သည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း COVID-19 ကြောင့်သေဆုံးသူ ၁ ယောက်ရှိခဲ့ပြီး ကူးစက်ခံရသူမှာ ဧပြီ ၇ ရက်နေ့ ညနေ ၇ နာရီအချိန်အထိ ၂၂ ယောက်ရှိနေသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly