ကျန်းမာရေးဝန်ထမ်းတွေအတွက် ပီဇာတွေ ပေါင် ၁၀,၀၀၀ ကျော်ဖိုး ပို့ပေးသူ ဒန်နီရို့စ်

ကျန်းမာရေးဝန်ထမ်းတွေအတွက် ပီဇာတွေ ပေါင် ၁၀,၀၀၀ ကျော်ဖိုး ပို့ပေးသူ ဒန်နီရို့စ်

နယူးကာဆယ်အသင်းရဲ့ နောက်ခံကစားသမား ဒန်နီရို့စ်ကတော့ Middlesex University ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တာဝန်ယူနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပေါင် ၁၉,၀၀၀ ကျော်ဖိုးရှိတဲ့ ပီဇာတွေ ဝယ်ယူလှူဒါန်းခဲ့ပါတယ်။

ဒန်နီရို့စ်ဟာ ရာနဲ့ချီတဲ့ ပီဇာတွေကို Domino ပီဇာဆိုင်ကနေ မှာယူခဲ့တာဖြစ်ပြီး ဆေးရုံတာဝန်ရှိသူတွေက သူတို့ဆီကို ရောက်လာတဲ့ ပီဇာဗူးတွေနဲ့အတူ ဒန်နီရို့စ်ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တာပါ။

အသက် ၂၉ နှစ်အရွယ် နောက်ခံလူဟာ စပါးအသင်းမှာ ကစားခဲ့စဉ်တုန်းက အဲဒီဆေးရုံမှာ တက်ရောက်ကုသခဲ့ရဖူးပြီး အခုလို ကျန်းမာရေးဝန်ထမ်းတွေ အလုပ်များနေချိန်မှာ တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တာပါ။

ဒန်နီရို့စ်အတွက်တော့ ဒီ ဆေးရုံကို ပီဇာတွေပို့ပေးခဲ့တာဟာ ဒီတစ်ကြိမ်နဲ့ဆို ၂ ကြိမ်မြောက်ရှိပါပြီ။ သူက ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း အဲဒီလို ပီဇာဗူးတွေကို ကျန်းမာရေးဝန်ထမ်းတွေအတွက် ပို့ပေးခဲ့ဖူးပြီး အားလုံး ကျန်းမာအောင်နေကြဖို့ ဗီဒီယိုဖိုင်တစ်ခုကိုပါ ပို့ပေးခဲ့တာပါ။

သူက အခြားသူတွေ ကျန်းမာဖို့အတွက် နေအိမ်အတွင်းမှာ နေကြချိန်မှာ အသက်စွန့်ပြီး လုပ်ကိုင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စာနာမိကြောင်းနဲ့ အမြဲတမ်းကျေးဇူးတင်နေရမယ့်သူတွေဖြစ်ကြောင်း သူ့ရဲ့ တွစ်တာကနေ ချီးကျူးခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ဘောလုံးသမားတွေအနေနဲ့ ကလပ်အသင်းတွေဆီကနေ လစာလျော့ယူဖို့ ငြင်းဆန်နေကြပေမယ့် ကိုရိုနာဗိုင်းရပ်စ်အတွက်တော့ တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးနေကြပြီး ဘောလုံးသမားတွေရဲ့ လှူဒါန်းမှုတွေကို နေရာ တော်တော်များများမှာ တွေ့နေခဲ့ရတာပါ။

ဗြိတိန်နိုင်ငံအတွင်းမှာတော့ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၁,၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး သေဆုံးသူပေါင်း ၅,၃၇၃ ယောက် ရှိနေပါပြီ။ တခြားနိုင်ငံတွေမှာ ရောဂါကူးစက်ခံရသူ များတယ်ဆိုပေမယ့်လည်း ပြန်လည်သက်သာလာသူတွေကို တွေ့နေရပြီး ဗြိတိန်နိုင်ငံတွင်းမှာတော့ ပြန်လည်သက်သာလာတဲ့သူ တစ်ယောက်မှ မရှိသေးပဲ စောင့်ကြည့်နေရဆဲ အခြေအနေတွေမှာ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly