အစိုးရက စားသောက်ကုန်များ အခမဲ့ ဖြန့်ဝေပေးနိုင်ရေး စာရင်းကောက်ပြီ

အစိုးရက စားသောက်ကုန်များ အခမဲ့ ဖြန့်ဝေပေးနိုင်ရေး စာရင်းကောက်ပြီ
ပုံ- အလုံမြို့နယ်တွင် စားသောက်ကုန်များ အခမဲ့ဝေနိုင်ရေး စာရင်းကောက်ခံနေ (ပုံ- ဟိန်းသက်ဦး မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၇   

 မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်မှ အခြေခံ စားသောက်ကုန်များ အခမဲ့ဖြန့်ဝေပေးမည့် အစီအစဉ်တစ်ရပ်အား ၂၀၂၀ ခုနှစ်၊ ဧပြီလ ၆ ရက်စွဲဖြင့် ကြေညာခဲ့ပြီးသည့်နောက် ရပ်ကွက်များအတွင်း အိမ်ထောင်စု စာရင်းများ ကောက်ခံလျက် ရှိသည်။

Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ဆုံးဖြတ် ချက်အရ COVID -19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် စီးပွားရေးနှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိနေသည့် အခြေခံ လူတန်းစားများအား သင်္ကြန်ကာလအတွင်း အခြေခံ စားသောက်ကုန်များ အခမဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် ဆန် ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ နှင့် ကြက်သွန် ၁ ပိဿာ စသည့် ထောက်ပံ့ ကူညီမှု ငါးမျိုး ကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ပြီး အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်မည်ဟု နိုင်ငံတော်အစိုးရက ဧပြီ ၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ပြည်ထောင်စု အဆင့်အနေနဲ့ ညွှန်ကြားချက် ထုတ် ပြန်လိုက်ပြီ ဖြစ်တဲ့အတွက် တိုင်းအဆင့် အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ပြီး ဆွေးနွေးဖို့ စီစဉ်နေပါတယ်။ အခု အစိုးရ အဖွဲ့ အနေနဲ့ အချက် နှစ်ချက် ဖြစ်တဲ့ အမှန်တကယ် လိုအပ်နေတဲ့ အခြေခံ လူတန်းစား စာရင်းအချက်အလက် ကောက် ယူဖို့နဲ့ အစိုးရ၊ အလှူရှင်နဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မယ့် ပံ့ပိုးမှု အပိုင်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခြေခံ လူတန်းစား စာရင်းကောက်ယူမှုကနေ ရရှိလာမယ့် အချက်အလက်တွေ အပေါ်မှာ ပြန်လည် စိစစ် ရွေးချယ် သွားမယ့် အပိုင်းကတော့ ဝန်ကြီးချုပ်ဘက်ကနေ ညွှန်ကြားမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ရမှာပါ၊ အခု ရလာမယ့် စာရင်း အချက်အလက်တွေ အပေါ်မူတည်ပြီး ဘယ်အချိန် ရရှိနိုင်မလဲ ဆိုတာကိုတော့ တိုင်းအစိုးရအဖွဲ့ အနေနဲ့ အသေးစိတ် ညှိနှိုင်းမှုတွေ အပြီး ပြန်လည် အသိပေးသွားပါမယ်”ဟု ပြောသည်။

အဆိုပါ အစီအစဉ်သည် တကယ် လိုအပ်နေသော အခြေခံ လူတန်းစားကို ပံ့ပိုးပေးရန် အဓိက ရည်ရွယ်ခြင်းကြောင့်  အချက်အလက် ကောက်ယူသည့်အခါ မှန်မှန်ကန်ကန်ပေးရန် လိုအပ်ကြောင်း၊ စာရင်း လိုက်လံကောက်ခံပေးမည့် တာဝန် ရှိသူများအနေဖြင့်လည်း ဘက်လိုက်မှုများနှင့် မသမာသည့် နည်းလမ်းများ အသုံးမပြုဘဲ စာရင်းကောက်ယူပေးကြရန် လည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။

အခြေခံ လူတန်းစားများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးမည့် အစီအစဉ်အတွက် အစိုးရအဖွဲ့မှ စာရင်းများ ကောက်ခံရာတွင် မလိုလားအပ်သော လေလွင့်မှုများ၊ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များမှ ကြီးကြပ်သွားမည်ဖြစ်ကြောင်း၊ အခြေခံ လူတန်းစားများထံ စားနပ်ရိက္ခာများ ပို့ဆောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ရာမှာလည်း ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်(UMFCC I)၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှာ စားနပ်ရိက္ခာ ထောက်ပံ့ပေးရန် လိုအပ်သော အခြေခံလူတန်း စားများ၏ စာရင်း အချက်အလက်များကို ကောက်ခံနေပြီး ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်မှ ဆယ်အိမ်မှူးဖြစ်သူ ဦးဆွေတင့်က “အခု ကျွန်တော်တို့တွေ သက်ဆိုင်ရာ ရပ်ကွက်အလိုက် ဆော်သြပြီး တစ်အိမ်ချင်းစီအလိုက် စာရင်းကောက်ယူမှုတွေ ပြုလုပ် နေကြပါတယ်။ ကောက်ခံနေတဲ့ စာရင်းတွေမှာဆိုရင် အိမ်ထောင်ဦးစီး၊ နေထိုင်သူ ကျား/မ အချိုးအစား၊ အလုပ်အကိုင်နဲ့ လိပ်စာတွေကို အချက်အလက် အနေနဲ့ ကောက်ခံပါတယ်။ ရပ်ကွက် တစ်ခုချင်းစီအလိုက် ထောက်ပံ့ပေးမယ့် ပမာဏ ဘယ်လောက် ရနိုင် မလဲဆိုတာနဲ့ ဘယ်အချိန် စပြီးတော့ ဝေပေးမှာလဲ ဆိုတာကိုတော့ သတင်း အတိအကျ မသိရသေးပါဘူး။ ကျွန်တော်တို့ကိုတော့ စာရင်းကောက်ယူပြီး ပြန်လည် တင်ပြပေးဖို့အထိဘဲ ပြောထားပါသေးတယ်”ဟု ပြောသည်။

ပုံ- အလုံမြို့နယ်တွင် စားသောက်ကုန်များ အခမဲ့ဝေနိုင်ရေး စာရင်းကောက်ခံနေ (ပုံ- ဟိန်းသက်ဦး မဇ္ဈိမ)

အဆိုပါ စာရင်း အချက်အလက်များကို ဧပြီ ၁၀ ရက်နေ့ နောက်ဆုံးထား၍ အစိုးရထံ ပြန်လည် ပေးပို့ရမည်ဖြစ်ကြောင်း၊ လိုက်လံ စာရင်းကောက်ခံသည့်အချိန်တွင် မပါသွားခြင်းနှင့် မပေးလိုက်ရသူများ အနေဖြင့်လည်း သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးရုံးများသို့ သွားရောက်ကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အလုံမြို့နယ်မှ ရပ်ကွက်နေ ပြည်သူ ဒေါ်ဝင်းကြည်က “လက်ရှိ အမျိုးသားက ကားမောင်းတဲ့ အလုပ်လုပ်ပါတယ်၊ဒါပေမယ့် အခုဖြစ်နေတဲ့ COVID -19 ကြောင့် အလုပ်နားထားရတာ ၁၅ ရက် ဝန်းကျင်လောက် ရှိနေတာကြောင့် မိသားစု ဝင်ငွေ ထိ ခိုက်လာတဲ့ အခြေအနေ ဖြစ်လာပါတယ်။ လက်ရှိ ကုန်ဈေးနှုန်းတွေက အရမ်း မတက်ဘူးဆိုပေမယ့် အလုပ်တွေ နားထား ရလို့ ဝင်ငွေ ထိခိုက်တဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် အခုလို အစိုးရဘက်က ဒီလို အခြေခံ စားသောက်ကုန်တွေ အခမဲ့ ဝေပေးတဲ့အပေါ် ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတော် အစိုးရအနေဖြင့် သင်္ကြန်ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား စားနပ်ရိက္ခာ ထောက်ပံ့ ပေးမည့် အစီအစဉ်အပြင် ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မပါ)အတွက် အိမ်သုံး လျှပ်စစ် ဓာတ်အားသုံးစွဲမှု (၁၅၀) ယူနစ် အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့)ဖြင့် ဧပြီလကုန်အထိ ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် အစိုးရ၏ ဧပြီ ၆ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင်  လူဦးရေ ခုနစ်သန်းကျော် နေထိုင်လျက်ရှိကြောင်း ၂၀၁၄ ခုနှစ် သန်ခေါင်းစာရင်းအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags