YBS ယာဉ်လိုင်းများ တစ်စီးလျှင် ကျပ် ၇ ထောင်မှ ၉ ထောင်ကြား အရှုံးပေါ်နေ

YBS ယာဉ်လိုင်းများ တစ်စီးလျှင် ကျပ် ၇ ထောင်မှ ၉ ထောင်ကြား အရှုံးပေါ်နေ

ဧပြီ ၇

လက်ရှိကိုရိုနာဗိုင်းရပ်စ်(COVID-19)ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ယာဉ်စီးနင်းသည့်ခရီးသည် နည်းပါးလာသည့်အတွက် YBS လိုင်းများအနေဖြင့် တစ်စီလျှင် ကျပ် ၇ထောင်မှ ၉ထောင်ကြား အရှုံးပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA)မှ အထွေထွေအတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ဒီမှာ ကားစီးမယ့်သူမရှိပေမယ့် ကုမ္ပဏီတွေက တစ်နေ့ကို ဥပမာ-ယာဉ်ကြီးတွေဆိုရင် ၇၀၀၀ ကနေ၉၀၀၀ လောက်အထိ စိုက်ထုတ်ပြီးပြေးဆွဲပေးနေတယ်။ ဒါက ကျွန်တော်တို့ယာဉ်လိုင်းတွေက ပြည်သူလူထုအတွက် ဆောင်ရွက်ပေးတဲ့ အချက်ဖြစ်ပါတယ်။” ဟု ဦးလှအောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ လကုန်ပိုင်းမှ ယနေ့ ဧပြီလ ၇ရက်အထိ ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကူးစက်မှုမှ ကာကွယ်ရန် အပြင်ထွက်သူနည်းပါးလာခြင်းနှင့် Work from home( အိမ်မှ အလုပ်လုပ်ကိုင်ခြင်း) ဆောင်ရွက်မှု များပြားလာခြင်းကြောင့် ခရီးသည်တင်ယာဉ်များကို ယခင်က အစီးရေ ၃၀၀၀ မှ ၄၀၀၀ခန့်အထိပြေးဆွဲရာမှ လက်ရှိတွင် အစီးရေ ၂၈၀၀ ခန့်သာ ပြေးဆွဲလျှက်ရှိကြောင်း ၎င်းကဆိုသည်။

“ပြည်သူလူထုကလည်း သွားလာမှုတွေလျော့ကျလာတဲ့အခါကျေတာ့ တစ်နေ့နဲ့တစ်နေ့ မတူတော့ဘူူး။ ဒါကြောင့် ကျွန်တော်တို့ ယာဉ်တွေက ၄ထောင်ကျော်ကနေ ၃ထောင်ကျော်၊ သုံးထောင်ကျော်ကနေ ၂၈၀၀ ပတ်ဝန်းကျင်ပဲ ပြေးဆွဲနိုင်တော့တယ်။” ဟု ဦးလှအောင်က ဆိုသည်။

ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် သင်္ကြန်ကာလဖြစ်သော ဧပြီ ၁၀ရက်မှ ၁၉ရက် အထိ မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်ဝယ်ယူခြင်းကိစ္စမှအပ နေအိမ်ပြင်ပထွက်ခွာခွင့်မပြုဘဲ နေအိမ်တွင် Home Stay နေထိုင်ခြင်းဖြင့် အသွားအလာကန့်သတ်ခြင်း ကာလအတွင်း YRTAအနေဖြင့် ယာဉ်းလိုင်းများ ပြေးဆွဲခြင်း၊မပြေးဆွဲခြင်းကို  ဧပြီ ၉ရက်တွင် နောက်ထပ်ညွှန်ကြားမှု ရှိမရှိ အပေါ်မူတည်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးလှအောင်က ပြောသည်။

“၉ရက်နေ့အထိ ထုတ်ပြန်မှုကို ကြည့်ရပါ့မယ်။ အဲဒီထုတ်ပြန်မှုက ဘယ်လိုလာမလဲ ကျွန်တော်မသိဘူး။ သို့သော် အခုအခြေအနေအထိတော့ ကာကွယ်ရေးအခြေအနေထမ်းဆောင်နေတဲ့သူတွေ၊ ကျန်းမာရေးအတွက် အပြင်ထွက်မယ့်သူတွေအစားအသောက်ဝယ်ယူရမယ့်သူတွေရှိကောင်းရှိလာနိုင်တယ်။နောက်ဆုံးအခြေအနေအထိထုတ်ပြန်ချက်၊ညွှန်ကြားချက်တွေအပေါ်မှာမူတည်ပြီးတော့အတတ်နိုင်ဆုံးစီမံဆောင်ရွက်ပေးမယ်လို့ပြောချင်ပါတယ်။”
ဟု ဦးလှအောင်က ပြောသည်။

သင်္ကြန်ကာလအတွင်း စီမံဆောင်ရွက်ရမည့် အခြေအနေနှင့်ပတ်သက်ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ စီမံဆောင်ရွက်မှုအပေါ်မူတည်ကာ YRTA အနေဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ပြောနိုင်တဲ့ တစ်ချက်က အတတ်နိုင်ဆုံး COVID -19 ထိန်းချုပ်ရေးကာလမှာ ပြည်သူလူထု အတွက်လည်း အထောက်အပံ့ဖြစ်အောင်၊ COVID -19 ထိန်းချုပ်ရေး အတွက်လည်း အထောက်အပံ့ဖြစ်အောင် လေ့လာပြီးတော့ ပြေးဆွဲပေးသွားပါမယ်။နောက်ဆုံး COVID -19 ထိန်းချုပ်ရေး အစီအမံတွေအပေါ်မှာ မူတည်ပြီးတော့ စီမံဆောင်ရွက်သွားပါ့မယ်။” ဟု ဦးလှအောင်က ပြောသည်။

လက်ရှိတွင် YRTAအနေဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှပင် မူလသယ်ယူပို့ဆောင်ရေးဖြစ်သည့် ခရီးသည်တင်ယာဉ်ပြေးဆွဲရေးအပြင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ဆောင်နေသည့် ဆရာဝန်များ၊ သူနာပြုများအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို  ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် ပူးပေါင်းကာ ပြုလုပ်ပေးနေပြီး ကုန်ကျစရိတ်အချို့ကို ကုန်ကျခံကာ ဆောင်ရွက်ပေးနေကြောင်းလည်း ဦးလှအောင်ကပြောသည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကူးစက်ပြန့်ပွားမှုကြောင့်  စောင့်ကြည့်လူနာ ၇၄၆ ဦး၊ရောဂါပိုးတွေ့ရှိသူ ၂၂ဦး၊သေဆုံးသူ တစ်ဦးရှိပြီး ၎င်းရောဂါပိုးတွေ့ရှိသူများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုးတွေ့ရှိသူ ၁၄ဦးရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required