“အခြေခံလူတန်းစားများကို စားသောက်ကုန်၅မျိုး အစိုးရထောက်ပံမှု အသေးစိတ်စာရင်းပြုစုမည်’

“အခြေခံလူတန်းစားများကို စားသောက်ကုန်၅မျိုး အစိုးရထောက်ပံမှု အသေးစိတ်စာရင်းပြုစုမည်’
Photo - EPA

ဧပြီ ၇
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို တစ်အိမ်ထောင်လျှင် စားသောက်ကုန်၅မျိုး အစိုးရထောက်ပံ့မည်ဖြစ်ရာ ဘယ်လိုပုံစံနဲ့ ဘယ်လိုလူတွေကိုထောက်ပံ့မယ်ဆိုတာကို မသိရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မဇ္ဈိမကိုပြောသည်။

အခြေခံလူတန်းစားဆိုသည့် ဝေါဟာရနှင့်ပတ်သက်ပြီး အသေးစိတ်ကို မသိရှိသေးသောကြောင့် မည်ကဲ့သို့ဖြန့်ဝေရမည်၊ စာရင်းပြုစုရမည်ကို လက်ရှိတွင် မသိရှိသေးကြောင်း ၎င်းကပြောသည်။

 “ဘယ်လိုပုံစံမျိုးဖြန့်ဝေသွားမလဲဆိုတာတော့အတိအကျမသိသေးပါဘူး။ ဝန်ကြီးချုပ်လည်း နေပြည်တော်ကို အစည်းအဝေးသွားနေတုန်းဆိုတော့ မနက်ဖြန်မှပဲ အသေးစိတ်အချက်အလက်တွေကို သိရပါမယ်။” ဟု ဦးနိုင်ငံလင်းက ပြောသည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို တစ်အိမ်ထောင်လျှင် စားသောက်ကုန်၅မျိုး အစိုးရထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဧပြီ ၆ရက် ညပိုင်းက သတင်းထုတ်ပြန်ထားသည်။

သင်္ကြန်ပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန် စသည့်စားသောက်ကုန် ၅မျိုးကို ဧပြီ ၁၀ရက်မှစတင်၍ အခမဲ့ဖြန့်ဖြူးပေးမည်ဟု  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ၏  သတင်းထုတ်ပြန်ချက်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ၏  ညွှန်ကြားချက်အတိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခရိုင်အဆင့်ဆင့်ကို ညွှန်ကြားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

“ကြေညာချက်က မနေ့ညကမှ ထွက်တာဆိုတော့ ကျွန်တော်တို့က ခရိုင်အဆင့်ဆင့်ကို ညွှန်ကြားပြီးဆောင်ရွက်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ကော်မတီရယ်၊ အလှူရှင်တွေလှူဒါန်းထားတဲ့ ပစ္စည်းတွေပေါင်းစပ်ပြီးတော့ လှူဒါန်းသွားမှာပါ။” ဟု ဦးနိုင်ငံလင်းက ပြောသည်။

ဆန်၈ပြည်၊ ဆီ ၅၀ကျပ်သား၊ ဆား ၅၀ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန်တစ်ပိဿာ တို့ကို ဖြန့်ဝေပေးရာတွင် မလိုလားအပ်သော လေလွင့်မှု၊ ကြန့်ကြာမှု၊ အဂတိလှိုက်စားမှု များ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UNFCCI)၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိ ငွေကြေးကင်းလွတ်ခွင့် ကို ဧပြီလကုန်အထိ ပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လျှပ်စစ်မီတာကင်းလွှတ်ခွင့်သည် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊နှင့် ပြည်တွင်းလူမှုအဖွဲ့အစည်းများအတွက်သာဖြစ်ပြီး သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly