ပုပ္ပားတောင်မှ မျောက်များ အစားအစာအခက်အခဲဖြစ်နေသည်မှာမဟုတ်ကြောင်း ဂေါပကအဖွဲ့မှ တွဲဖက်အတွင်းရေးမှူးပြော

ပုပ္ပားတောင်မှ မျောက်များ အစားအစာအခက်အခဲဖြစ်နေသည်မှာမဟုတ်ကြောင်း ဂေါပကအဖွဲ့မှ တွဲဖက်အတွင်းရေးမှူးပြော

ရန်ကုန်၊ ဧပြီ ၇ရက်

COVID-19 ကြောင့် ပုပ္ပားတောင်ကလပ်မှ မျောက်များ အစားအစာ အခက်အခဲရှိနေသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးသက်လှိုင်က မဇ္ဈိမသို့ ပြော သည်။

ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးသက်လှိုင်က "ကျွန်တော်တို့အမြဲတမ်းကျွေးနေပါတယ်။ အခက်အခဲဖြစ်နေတယ်ဆိုတာ သတင်းအမှားတွေပါ။ အခုဆို ဘယ်လောက်ထိပေါနေသလဲဆိုခရမ်းချဉ်သီး က ဈေးချိုနေတယ်။ အခင်းပြတ်လှူတဲ့လူတွေရှိတယ်။ သင်္ဘောသီးဆိုလည်း အခင်းပြတ်လှူတဲ့လူရှိတယ်။ ကျွန်တော်တို့ ဂိုထောင်ထဲမှာ သ‌င်္ဘောသီးတွေအများကြီးရှိတယ်။ ကျွန်တော်တို့ကျွေးနေတယ် "ဟု ပြောသည်။

ပုပ္ပားတောင်တွင် မျောက်အရေအတွက် နှစ်ထောင်ကျော်ခန့်ရှိကာ တစ်နေ့လျှင် အစာသုံးကြိမ်ကျွေးကာ မျောက်စာကျွေးသည့်နေရာများလည်း လုပ်ထားကြောင်း ဂေါပကအဖွဲ့ကသိရသည်။

"တခုတော့ရှိတာပေါ့ အရင်တုန်းကတော့ ဘုရားဖူးတွေရှိနေတဲ့အတွက် မျောက်စာသည်တွေကလည်းရှိနေတော့ အဆက်မပြတ်ကျွေးနေတာပေါ့။ ဒီမှာတော့ အချိန်အလိုက် မနက်၊ နေ့ ၊ ညနေ ဒီလိုကျွေးနေတာပေါ့ "ဟု ပုပ္ပား တောင်ကလပ် ဂေါပကအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးသက်လှိုင်က ဆိုသည်။

ပုပ္ပားတောင်မှ မျောက်များအတွက် အစားအစားများအား လှူဒါန်းသည့် အလှူရှင်များရှိနေသည့်အတွက် ‌အချိန်အတိုင်းအတာ တခုထိ အခက်အခဲမရှိကြောင်း ငြိမ်းချမ်းရေး ပရဟိတအမှိုက်ကောက်အသင်းမှ ဥက္ကဌ ဦးပြည့်ဖြိုးအောင်က ပြောသည်။

ငြိမ်းချမ်းရေး ပရဟိတအမှိုက်ကောက်အသင်းမှ ဥက္ကဌ ဦးပြည့်ဖြိုးအောင်က "အစောပိုင်းကတော့ ခက်ခဲတယ်။ ဘုရားဖူးပိတ်ပြီး ဘုရားဖူးမလာတော့တဲ့အချိန်မှာတော့ တော်တော်လေးခက်ခဲတယ်။ ခက်ခဲတဲ့အချိန်မှာ ရွာကနေ ပြီးတော့ စပြီးတော့ အလှူရှင်လေးတွေ စကျွေးတာပေါ့နော်။ ဒီနောက်မှာတော့ အလှူရှင်တွေကျွေးတာမြင်တော့ ဂေါပကအဖွဲ့လည်း လိုက်ကျွေးတယ် "ဟု ဆိုသည်။

ပုပ္ပားတောင်မှ မျောက်များအား အလှူရှင်များအနေဖြင့် အစာကျွေးချင်ပါက လာရောက်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required