မြန်မာနိုင်ငံရှိ အမေရိကန်နိုင်ငံသားများ နေရပ်ပြန်ကြပြီ

မြန်မာနိုင်ငံရှိ အမေရိကန်နိုင်ငံသားများ နေရပ်ပြန်ကြပြီ

ရန်ကုန်၊ ဧပြီ ၇

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်လျက်ရှိသည့် အမေရိကန် နိုင်ငံသားများကို  ဧပြီ ၆ ရက်နေ့က ၎င်းတို့ နေထိုင်ရာ နေရပ် ဖြစ်သည့် အမေရိကန်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဧပြီ ၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံသားများနှင့် အမေရိကားတွင် နေထိုင်သူ ၂၆၇ ဦးတို့ကို သံရုံးက အကူအညီပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုနေရပ်သို့ ပြန်သူများကို အမေရိကန်အစိုးရမှ စီစဉ်ပေးသည့် လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ကန်သံရုံးက “ယခုကဲ့သို့ အခက်အခဲ ကာလအတွင်း နေရပ်ပြန်ကြသူ အမေရိကန် နိုင်ငံသားများနှင့် အမေရိကားတွင် နေထိုင်သူ ၂၆၇ ဦးကို အမေရိကန်သံရုံးက အကူအညီပေးအပ်ခဲ့ပါသည်။ အမေရိကန်အစိုးရမှ စီစဉ် ပေးသော လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားကြသူများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းဖြင့် မိမိအိမ်သို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ပြန်ရောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်သည်”ဟု ထုတ် ပြန်ချက်တွင် ပြောထားသည်။

အဆိုပါ လေယာဉ်ခရီးစဉ်ကို မြန်မာအာဏာပိုင်များက ကူညီပေးခဲ့ကြောင်း သိရသည်။

ဧပြီ ၆ ရက်က အမေရိကန်သို့ ပြန်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တွေ့ရသော အမေရိကန်နိုင်ငံသားများ

အမေရိကန်နိုင်ငံသားများ မြန်မာနိုင်ငံမှ မိမိနေထိုင်ရာ အရပ် အမေရိကန်ပြည်ထောင်စုသို့ မည်သည့် အတွက်ကြောင့် ပြန် ကြခြင်း ဖြစ်သည်ကိုတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောထားခြင်း မရှိပေ။

အမေရိကန်နိုင်ငံသားများ နေရပ်ပြန်သည့် အချိန်သည် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစပ် ပျံ့ပွားမှုကို ထိန်းချုပ် နေသည့် အချိန်ကာလဖြစ်နေခြင်းကြောင့် ရောဂါ ကူးစက်မှုကို တားဆီးသည့် အနေဖြင့် မိမိနိုင်ငံသို့ ပြန်လည် ပေးပို့ခြင်း ဖြစ်နိုင်သည်ဟု အများကလည်း သုံးသပ်လျက်ရှိနေကြသည်။

သို့သော် COVID-19 ရောဂါ ကူးစပ် ပျံ့ပွားမှု ဖြစ်စဉ်သည် မြန်မာနိုင်ငံထဲတွင် မဟုတ်ဘဲ တရုတ်နိုင်ငံ၊ ဟူဘေပြည်နယ်၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ကာ နိုင်ငံပေါင်း ၁၀၀ ကျော်၌ ဖြစ်ပွားလျက်ရှိနေသည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အနေဖြင့် မြန်မာနိုင်ငံသားများအတွက် COVID-19 ရောဂါ တုံ့ပြန်တိုက်ဖျက်ရေး အစီအစဉ်တွင် ကန်ဒေါ်လာ ၃.၈ သန်း အကူအညီပေးရန် ကတိကဝတ် ပြုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly