ကယားပြည်နယ်အတွင်း ခရီးသွားလာမှုများ နှင့် လုပ်ငန်းလည်ပတ်မှုများ အား ၁၅ ရက်ကြာ ကန့်သတ်ကြောင်း တားမြစ်မိန့်ထုတ်ပြန်

ကယားပြည်နယ်အတွင်း ခရီးသွားလာမှုများ နှင့် လုပ်ငန်းလည်ပတ်မှုများ အား ၁၅ ရက်ကြာ ကန့်သတ်ကြောင်း တားမြစ်မိန့်ထုတ်ပြန်
Photo Credit - ကယားပြည်နယ်အစိုးရအဖွဲ့ ရုံး

ဧပြီ ၆

ကယားပြည်နယ်အတွင်း ခရီးသွားလာမှု နှင့် လုပ်ငန်းလည်ပတ်မှုများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့အထိ ၁၅ ရက်ကြာ ကန့်သတ်ကြောင်း တားမြစ်မိန့်အား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

Covid-19 ရောဂါပိုးအနေဖြင့် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည့်အပြင် လေထုထဲမှ တစ်ဆင့်လည်း ကူးစက်နိုင်ခြင်းတို ့ကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မိမိအိမ်တွင် နေထိုင်ခြင်း နှင့် တစ်ဦး နှင့် တစ်ဦး ထိတွေ့မှုမရှိရန် (Physical Distancing) ပြုလုပ်ရန် လိုအပ်လာပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ တားမြစ်မိန့်ထုတ်ပြန်၍ ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

ကယားပြည်နယ်အတွင်း မရှိမဖြစ်လိုအပ်သော စားသောက်ကုန်များ ရောင်းချသည့် လုပ်ငန်းများ၊ စားသောက်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ နှင့် ဘဏ်များအား ဆက်လက်လည်ပတ်ခွင့် ပေးထားပြီး ပြည်သူများ အနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်များအတွင်း အစားအသောက်ဝယ်ယူမှု နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပုံမှန် လှုပ်ရှားဆောင်ရွက်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် ဟိုတယ်၊ မိုတည်၊ တည်းခိုခန်း၊ Inn၊ ဆောက်လုပ်ရေးလုပ်ငန်းများ နှင့် အဝတ်အထည်ဆိုင်များ စသည့် လုပ်ငန်းများ အနေဖြင့် ၇.၄.၂၀၂၀ မှ ၂၂.၄.၂၀၂၀ အထိ ခေတ္တယာယီ ပိတ်သိမ်းခြင်းပြုလုပ်ရန် နှင့် ပိတ်သိမ်းခြင်း မပြုလုပ်ပါက ဥပဒေ အရ အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါ တားမြစ်မိန် ့တွင် ဖော်ပြထားသည်။

ဒါ့အပြင် ကယားပြည်နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များ နှင့် သာမန်အိမ်စီးကားများမှ အပ ကျန်ရှိသော ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများ၊ ဘုရားဖူးယာဉ်များ၊ အပန်းဖြေခရီးသွားယာဉ်များ၊ အလည်အပတ်သွားရောက်သည့် ယာဉ်များ နှင့် အိမ်စီးကားများ အနက် ယာဉ်မောင်းအပါအဝင် ၇ ဦးထက် ပိုသော မော်တော်ယာဉ်များအားလုံး ကိုလည်း ကယားပြည်နယ် အတွင်းသို ့ ဝင်ထွက်သွားလာခွင့်အား ၇.၄.၂၀၂၀ မှ ၂၂.၄.၂၀၂၀ အထိ ခေတ္တယာယီ ပိတ်သိမ်းထားမည် ဖြစ်သည်။

ထို့ကြောင့် ကယားပြည်နယ် အတွင်းရှိ ပြည်သူလူထုအနေဖြင့် အဆုတ်ရောင်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်း ကို အမျိုးသားရေ တာဝန်တစ်ရပ်ဖြင့် လိုက်နာဆောင်ရွက်သွားရန် အသိပေးကြေညာကြောင်း အဆိုပါ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၏ တားမြစ်မိန့်တွင် ဖော်ပြထားသည်။

လက်ရှိ ကယားပြည်နယ်အတွင်း သံသယရှိ လူနာ ၃၃ ဦးအား ကုသစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရောဂါပိုးကင်းစင်ကြောင်း တွေ ့ရှိခဲ့သဖြင့် ဆေးရုံမှ ပြန်လည်ဆင်းခွင့်ပြုထားပြီး ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly